မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုတွေ အများအပြားတွေ့ရ


2013.04.12

မိုင် ၅၀၀ ရှည်လျားတဲ့ မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများအပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံအဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

တာဝန်ရှိသူတွေက ပိုက်လိုင်းတလျှောက် ရေနဲ့ စမ်းသပ်ကြည့်တဲ့အခါ နေရာအတော်များများမှာ ယိုစိမ့်နေတဲ့အပေါက်တွေ တွေ့ရှိရကြောင်း၊ အဲဒါကြောင့် ပိုက်လိုင်းအနီးက ဒေသခံတွေ စိုးရိမ်နေကြပြီး၊ ဓါတ်ငွေ့တွေလွှတ်ပြီဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေကြကြောင်း ရှမ်းပြည်နယ် တအောင်းကျောင်းသားလူငယ်များသမဂ္ဂ တွဲဘက်အတွင်းရေးမှူး စိုင်းမျိုးအောင်က ပြောတယ်လို့ဆိုပါတယ်။

ယိုစိမ့်မှုနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ်အတွင်း နှစ်ကြိမ် ပိုက်လိုင်းတည်ဆောက်သူ တရုတ် CNPC ကုမ္ပဏီကို အကြောင်းကြားခဲ့တယ်လို့လည်း တအောင်းကျောင်းသားလူငယ်များ သမဂ္ဂအဖွဲ့ဝင် လွေးကွယ်ကပြောကြောင်း ဘန်ကောက်ပို့စ်က ဖေါ်ပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တောင်သူလယ်သမား ကော်မတီက ဧပြီလ ၅ နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာလည်း ပိုက်လိုင်းပေါ်မှာတွေ့ရတဲ့အပေါက်တွေကို ကော်နဲ့ကပ်ပြီး ပိတ်ထားပေမဲ့ ဓါတ်ငွေ့တွန်းကန်အားကို ခံနိုင်မယ့်ပုံမရှိကြောင်း၊ ဒေသခံတွေကိုလည်း တစုံတရာ သတိပေးထားတာမရှိကြောင်း ဖေါ်ပြထားတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာရှိတဲ့ CNPC ရုံး ပြောခွင့်ရသူ ချန်ဝေကတော့ သူတို့အနေနဲ့ ဘာမှမကြားမိကြောင်း ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားတာဖြစ်ကြောင်း၊ ကွင်းဆင်း အင်ဂျင်နီယာတွေကို ဒီကိစ္စမေးမြန်းကြည့်ပါမယ်လို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသားပါတယ်။

ရခိုင်ပြည်နယ် အနောက်ပိုင်းကနေ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းထားပြီး၊ ဒေါ်လာသန်းပေါင်း နှစ်ထောင် ကုန်ကျတဲ့ပိုက်လိုင်းကနေ လာမယ့်မေလမှာ မြန်မာ့သဘာဝဓါတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။