ပိတ်မိနေတဲ့ အလုပ်သမားတွေ ကို မြန်မာသံရုံးအရာရှိတွေ မနက်ဖြန်တွေ့မည်


2013.12.27
myanmar-workers-malay-305.jpg ဂိုထောင်တစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ အလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
photo: Internet

မလေးရှားနိုင်ငံ  ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံ မယ်လို့ သိရပါတယ်။  

အဲဒီဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးမှသာ အကြောင်းစုံ ကိုပြောနိုင်မယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး က မြန်မာအလုပ်သမားကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးနေတဲ့ ဦးစိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"တွေ့တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောမှရမှာ၊ အခုလောလောဆယ်ကတော့ အမျိုးမျိုးပြောနေကြတာ၊ အလုပ်သမားဘက်က တစ်မျိုးပြောလိုက်၊ အလုပ်ရှင်ဘက်က တစ်မျိုးပြောလိုက်၊ မီဒီယာတွေက ပြောလိုက်ဆိုတော့၊ သူတို့စာချုပ်ချုပ်ထားတာ ဘယ်လိုချုပ်ထားတာလဲ၊ ဒီစာချုပ်တွေကို ကျနော်တို့ကကြည့်ပြီးတော့မှ မျက်နှာချင်းဆိုင်တွေ့ ပြီးတော့မှ မေးမြန်းပြီးတော့ စာရွက်တွေထုတ်ခိုင်းပြီးတော့ ဒါမှညှိလို့ရမှာ"

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှားအလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက် အခြေအနေပိုဆိုးလာခဲ့ပြီး သင်္ဘောကျင်းက မြန်မာအလုပ်သမား ၉၈ ယောက် ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာ ၅ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် အာဘာဖီကုမ္ပဏီက ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။