မြန်မာ့ ဒီမိုကရေစီ နုနယ်သေးကြောင်း ကုလ ကိုယ်စားလှယ်ပြော
2014.03.13

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေ ဆဲဖြစ်ပြီး၊ အဖွဲ့အစည်း အားလုံးလောက်မှာလည်း စစ်တပ်ရဲ့သြဇာ လွှမ်းမိုးနေဆဲဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ နုနယ်စအဆင့် မှာသာ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင် ရွက်ရဦးမှာပါ၊ မတရားလုပ်နေသူတွေ အပြစ်လွတ်နေ တာ၊ ရခိုင်ပြည်နယ်မှာ စနစ်တကျ ခွဲခြားဆက်ဆံနေ တာတွေအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူ၊ လက်ပိုက်ကြည့်နေကြမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး ထိခိုက်ပျက်စီး သွားနိုင်ပါတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုလိုက်တာနဲ့အတူ၊ အတိတ်ကအမှားတွေအပေါ် အာရုံပြုဖို့လည်း မစ္စတာ Quintana က အလေးပေး ပြောဆိုပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးအရ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းဖို့ဟာလည်း အရေးကြီးတဲ့အဆင့်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အထိ တိုးတက်မှုတွေ ရရှိရေးအတွက် တိကျရှင်းလင်းတဲ့ အချိန်ဇယားတရပ် ရေးဆွဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ Quintana ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန်ဟာ လာမယ့် မေလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။