မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သေဆုံးမှု တဟုန်ထိုး မြင့်တက်

2021.07.16

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုတွေ တဟုန်ထိုး မြင့်တက်လာနေပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ မနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၁၉ဝ ဦး ရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာသစ် ၆၁၉၄ ယောက် ရှိခဲ့ပါတယ်။

မနေ့က ထပ်တိုးတဲ့ သေဆုံးသူ ၁၉ဝ နဲ့ဆိုရင် ကိုဗစ်ကူးစက်လို့ သေဆုံးသူ စုစုပေါင်း ၄၅၃၆ ဦး ရှိသွားပါပြီ။ အတည်ပြုလူနာ စုစုပေါင်းကတော့ နှစ်သိန်းတသောင်းရှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက နေ့စဉ်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာနဲ့ သေဆုံးသူ အရေအတွက်ဟာလည်း ကိုဗစ်ကူးစက် သေဆုံးတဲ့လူနာတွေကို အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့တော့ သိသိသာသာ ကွာခြားနေပါတယ်။ ရန်ကုန်တိုင်း ကျီစုသုသာန်မှာ မနေ့က တရက်တည်းမှာပဲ မီးသဂြိုဟ်ရမယ့် ရုပ်အလောင်း ၂ဝဝ ရောက်လာခဲ့တယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတစ်ဦးက RFA ကို ပြောပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ တွေ့ရတဲ့မြင်ကွင်းကတော့ ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်တိုင်း ကျီစုသုသာန်မှာ ရုပ်အလောင်းတွေကို မီးသဂြိုဟ်ဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ တချို့ကာယကံရှင်တွေဆိုရင် အခြေအနေအကြောင်းကြောင်းကြောင့် မီးသဂြိုဟ်မယ့် နေရာအထိ မလိုက်ကြတော့ဘဲ ရုပ်အလောင်းနဲ့ မီးသဂြိုဟ်လက်မှတ်ပဲ ချန်ထားခဲ့တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မီးသဂြိုဟ်ဖို့ စောင့်ဆိုင်းရတဲ့ အချိန်သက်သာအောင် ပရဟိတကားတစ်စီးထဲမှာ ရုပ်အလောင်း ဆန့်သလောက် ထပ်လျက် သယ်ဆောင်သွားပြီး မီးသဂြိုဟ်မယ့်နေရာအရောက် ကူညီပို့ဆောင်ပေးနေကြတာလို့လည်း နာရေးကူညီမှုအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းထဲက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုသာန်တွေမှာ မြို့နယ်အလိုက် အလောင်းတွေကို သဂြိုင်္လ်ဖို့ စည်ပင်သာယာရေး ကော်မတီက ဇူလိုင်လ ၁၄ ရက်နေ့က ကြေညာချက်ထုတ် မေတ္တာရပ်ခံထားတာပါ။

အခုလို ကိုဗစ်ပိုးကူးစက်မှု မြင့်တက်နေပေမယ့် ကူးစက်ခံရသူအများစုကတော့ စစ်ကောင်စီကို အယုံအကြည်မရှိတာကြောင့် စစ်ဆေးရုံတွေကို မသွားကြဘဲ နေအိမ်မှာပဲ တတ်နိုင်သမျှ ကုသနေကြတယ်လို့ AFP သတင်းတရပ်မှာ ဇူလိုင်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။