အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု မြင့်မားလာဖို့ တရုတ်သံအမတ်ပြော


2014.01.09
u-thein-sein-china-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ယူနန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တွေ့ဆုံနေစဉ်။
RFA

နှစ်နိုင်ငံလုံး အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြင့်မားလာဖို့ အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ မဟာဗျုဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာန MISIS  မှာ တရုတ် မြန်မာ ဆက်ဆံရေးအကြောင်း မနေ့က ပြောကြားစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့တာပါ။

တရုတ် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိကအခရာကျကြောင်း တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟိုလန်က အထူးပြုပြောကြားခဲ့ပါတယ်။ ဒါ့ပြင်  ပြီးခဲ့တဲ့နှစ်နှစ် အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး အရှိန်အဟုန်နဲ့ အသွင်ပြောင်းလဲလာခဲ့တာတွေနဲ့အတူ တရုတ် မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြကြောင်း၊ တချို့ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိဘဲ တရုတ်ပြည်အပေါ် ထင်ရာမြင်ရာ ပုတ်ခတ်စွတ်စွဲချက်တွေသာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီး တရုတ်ပြည်အတွက် အိမ်နီးချင်းဆိုတာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေး ဆိုတဲ့အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်၊ တရုတ်ပြည်ရဲ့ မျိုးဆက်သစ် ဗဟိုဦးဆောင်မှုဟာ အနီးတဝိုက်နဲ့ အစွန်အဖျား ဒေသတွေရဲ့အရေးပါမှုကို အထူးတလည် အလေးထားပါတယ်၊ တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးတိုးတက်မှုကို အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးအတွက် အသုံးပြုမှာဖြစ်ပါတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေး အလားအလာနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟိုလန်က အဆိုပြုချက်လေးချက် တင်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ နှစ်နိုင်ငံ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု နက်နက်ရှိုင်းရှိုင်း ဆက်လက်ရှိနေရေး၊ နှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးချဲ့သွားရေး၊ နှစ်နိုင်ငံပြည်သူချင်း ထိတွေ့ဆက်ဆံမှုနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးတွေ တိုးချဲ့ရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း အရေးအရာကိစ္စတွေမှာ  နှစ်နိုင်ငံ ညှိညှိနှိုင်းနှိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။