မြန်မာနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ရေကြောင်းလမ်းသစ်ဖွင့်လှစ်

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံတောင်ပိုင်း Beibu ပင်လယ်ကွေ့ဆိပ်ကမ်းကို တိုက်ရိုက် ရေကြောင်းလမ်း တရားဝင်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီလမ်းကြောင်းအရ ကွမ်ရှီးပြည်နယ် (Guangxi)၊ Beibu ပင်လယ်ကွေ့ဆိပ်ကမ်း၊ ချင်းကျိုး (Qinzhou) ဆိပ်ကမ်းဇုန်ကနေ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ဆိပ်ကမ်းကို အချိန် ၁၂ ရက် ကြာမြင့်မှာဖြစ်ပြီး အရင်အသုံးပြုတဲ့ လမ်းကြောင်းတွေထက် အချိန် ၄၀ ရာခိုင်နှုန်း မြန်ဆန်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က SITC Venus ကုန်တင်သင်္ဘောဟာ ချင်းကျိုး (Qinzhou) ဆိပ်ကမ်းဇုန်ကို ဒီလမ်းကြောင်းက တစ်ဆင့်ရောက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ Beibu ပင်လယ်ကွေ့ဆိပ်ကမ်းကို တရားဝင်ဖွင့်လှစ်လိုက်တာလို့ ဟောင်ကောင်အခြေစိုက်၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ SITC International Holdings Co., Ltd (SITC) က နိုဝင်ဘာလ ၁ ရက်နေ့က သူတို့ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။
ဒီကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်တောင်ပိုင်း၊ Beibu ပင်လယ်ကွေ့ဆိပ်ကမ်း၊ ချင်းကျိုး (Qinzhou) ဆိပ်ကမ်းဇုန်ကနေ မလေးရှားနိုင်ငံ၊ Klang ဆိပ်ကမ်းကို ကိုးရက် အတွင်း ရောက်ရှိမှာဖြစ်ပြီး အဲဒီကတစ်ဆင့် မြန်မာနိုင်ငံကို ဆက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေတစ်ဆင့် ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဆိပ်ကမ်းတွေကို တစ်ဆင့် သယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း SITC ကုမ္ပဏီက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံအပါအဝင် ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တို့ဟာ မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပေးနေတယ်လို့ အာဆီယံလွှတ်တော် အမတ်များ အဖွဲ့ (APHR) က နိုဝင်ဘာလ ၂ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ အရာရှိတွေကို စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပေးတာ၊ စက်သုံးဆီတင်သွင်းရာမှာ ယွမ်ငွေနဲ့ခွင့်ပြုတာ၊ ကွမ်းလုံ အရံတံတားအသစ်ကို လွှဲပြောင်းပေးတာ၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း အတွက် ဖြစ်နိုင်ခြေ လေ့လာစမ်းစစ်မှုလုပ်တာတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကနေ အောက်တိုဘာလအတွင်း လုပ်ဆောင်ခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က အောက်တိုဘာလ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်မှာ မြန်မာ-တရုတ် ရေနံပိုက်လိုင်းလုံခြုံရေးကို တရုတ်ဘက်က စစ်ကောင်စီနဲ့ အလေးထားဆွေးနွေးလာသလို (၇) ကြိမ်မြောက် လန်ချန်း-မဲခေါင် ထိပ်သီး အစည်းအဝေးကိုလည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခွင့် ရခဲ့ပါတယ်။