အနုပညာရှင် ၂၄ ဦးကို အမှုရုပ်သိမ်းပေးကြောင်း စစ်ကောင်စီ ကြေညာ

2021.06.29
အနုပညာရှင် ၂၄ ဦးကို အမှုရုပ်သိမ်းပေးကြောင်း စစ်ကောင်စီ ကြေညာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတခုမှာ တွေ့ရတဲ့ အနုပညာရှင်တချို့။
Photo: Ayarwady Lu Min/facebook

ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံထားတဲ့ အနုပညာရှင်တွေထဲက ၂၄ ဦးကို အမှုရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြဝတီရုပ်သံသတင်းမှာ ဇွန်လ ၂၉ ရက်နေ့က ကြေညာသွားပါတယ်။ ဒီအမှုရုပ်သိမ်းခံရတဲ့ စာရင်းထဲ ပါဝင်သူတွေကတော့ ... ချစ်သုဝေ၊ G Fatt၊ ကျော်ကျော်နန္ဒ၊ ဝါဆိုမိုးဦး၊ ဟန်နေတာ၊ သက်မွန်မြင့်၊ မယ်ရီ၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ J Fire၊ Kelvin Kate၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်း တို့ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး Facebook လူမှုကွန်ရက်ကတဆင့် အာဏာရှင်ဆန့်ကျင်ဖို့ ရေးသားဖော်ပြခဲ့ကြတဲ့ အနုပညာရှင်တွေကို ဧပြီ ၂ ရက်ကစပြီး ပုဒ်မ ၅ဝ၅(က)နဲ့ စစ်ကောင်စီက တရားစွဲဆို အမှုဖွင့်ခဲ့တာပါ။ အခု အမှုရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေကတော့ ပယောဂတစုံတရာကြောင့် ဒီလိုလှုပ်ရှားမှုတွေကို လုပ်ခဲ့ကြရတာလို့ ယူဆတဲ့အတွက် အမှုဖွင့် တရားစွဲထားတာကို ရုပ်သိမ်းပေးရတာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအနုပညာရှင်တွေအနေနဲ့ အလားတူလုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ကြေညာသွားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၂ဝ ရက်နေ့အထိ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေထဲက ပထမဦးစားပေး ပြန်လည်စေလွှတ်ပေးသင့်သူတွေကိုလည်း အမှုရုပ်သိမ်းနိုင်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ဝန်ထမ်းတွေကို စည်းရုံးခဲ့တဲ့ နာမည်ကြီးအနုပညာရှင်တွေ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အလွှာအသီးသီးက အနုပညာရှင် အယောက် ၁၀၀ ကျော် ဖမ်းဝရမ်းအထုတ်ခံထားရပြီး ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ အနုပညာရှင်တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။