စစ်တပ်ပိုင် ဘီယာတွေကို ကောလင်း PDF ဖျက်ဆီး

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ အက်ဒမန်ဂိုးဘီယာတွေကို ဖမ်းမိတာကြောင့် ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဘီယာဗူးတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးတွဲကား သုံးစီးကို စစ်ကိုင်းတိုင်း၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ တွေ့ရှိခဲ့တာကြောင့် ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပြီး ကားသမားတွေနဲ့ ကားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကောလင်း PDF ကဆိုပါတယ်။
ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်တပ်ပိုင်ထုတ်ကုန်တွေကို တွေ့တာနဲ့ အခုလိုပဲ ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၁၂ ဘီးကား သုံးစီးအပြည့် တင်ဆောင်လာတာဖြစ်လို့ ဘီယာဗူး အတော်များများ ပါဝင်တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) က တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တွေ အဓိက လှုပ်ရှားလေ့ရှိတဲ့ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်တပ်ပိုင် ထုတ်ကုန် တွေကို ရောင်းချခြင်းမပြုဖို့ တားဆီးခဲ့ပြီး တွေ့ရှိထားတဲ့ ပစ္စည်းတွေကိုလည်း TNLA က ဖျက်ဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းက စတင်ပြီး စစ်တပ်ပိုင် ထုတ်ကုန်တွေကို မသုံးစွဲဖို့ ပြည်သူတွေအားလုံးက လှုပ်ရှားမှု (Campaign) ပြုလုပ်နေကြတာ ဖြစ်ပါတယ်။