မြန်မာမှာ သတင်းသမားတွေကို ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ AI တောင်းဆို

2021.05.27
မြန်မာမှာ သတင်းသမားတွေကို ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ AI တောင်းဆို အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီလလယ်က ပြုလုပ်ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းထောက်များ။
Photo: AFP

မြန်မာစစ်ကောင်စီအနေနဲ့ စာနယ်ဇင်းသမားတွေအပေါ် တရားစွဲဆို နေတာတွေ အမြန်ဆုံး ရပ်ဆိုင်းသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မေလ ၂၇ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေဟာ ဒီနေ့ဖြစ်ပျက်နေတာတွေအပေါ် ပကတိအမှန်အတိုင်း ဖော်ထုတ်တင်ပြဖို့ ရှေ့တန်းကနေ ကြိုးပမ်းနေကြသူတွေ ဖြစ်ကြောင်း၊ ခြိမ်းခြောက်နှောင့်ယှက် အကြမ်းဖက်ခံရ၊ တရားစွဲဆို အကျဉ်းချခံရတာတွေနဲ့ ရင်ဆိုင်ရတဲ့ကြားက အသံမတိတ်ဘဲ အမှန်တရားကို ဖော်ဆောင်နေကြကြောင်း AI အဖွဲ့ရဲ့ဒေသဆိုင်ရာ သုတေသနညွှန်ကြားရေးမှူး Emerlynne Gil က ပြောပါတယ်။

မေလ ၂၄ ရက်နေ့ကလည်း Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အုပ်ချုပ်မှုအယ်ဒီတာ Danny Fenster မလေးရှားကို သွားဖို့ မင်္ဂလာဒုံလေဆိပ်မှာ စောင့်ဆိုင်းနေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရပါတယ်။ Mr. Danny Fenster ကို ဖမ်းဆီးလိုက်တာဟာ အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ သတင်းသမားတွေ ပစ်မှတ်ထားခံနေရတယ်ဆိုတာ ပြသနေတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ကြားက အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဲ့ပြုကျင့်မှုတွေကို ကမ္ဘာက သိနေရတယ်ဆိုတာ သတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိတွေကြောင့်သာ ဖြစ်တယ်လို့လည်း Mr.Emerlynne Gil က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မေလ ၂၁ ရက်နေ့အထိ သတင်းသမား ၈၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ အဲဒီထဲက တဝက်ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး၊ ၃၃ ဦးက ရှောင်တိမ်းနေကြရကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။