မူဆယ် နမ့်အွမ်ရွာအနီး စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်
2023.07.25

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်အွမ်ရွာ စေတီကုန်းအနီးမှာ တပ်စွဲထားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ကို စစ်ကောင်စီတပ်က ဒီမနက် ၁၁ နာရီခန့်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နမ့်အွမ်ရွာခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မူဆယ်ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့ နမ့်အွမ်ရွာမှာ TNLA အင်အားနှစ်ရာဝန်းကျင် လာရောက်လှုပ်ရှားနေတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မနေ့ကညနေပိုင်းကစပြီး နမ့်အွမ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က ညနေပိုင်းကတည်းက အခြေအနေက မကောင်းတော့ဘူး။ စစ်တပ်ဘက်က ၁၀၅ မိုင်ကနေ လက်နက်ကြီးတွေနဲ့ပစ်တာ။ လူတော့မထိဘူး။ နမ့်အွမ် ဈေးဆိုင်ခန်းတွေတော့ ပျက်စီးကုန်တယ်။ ဒီမနက်လည်း စေတီကုန်းနားမှာ ရဟတ်ယာဉ်နဲ့လာပစ်နေတာ။ ရွာသားတွေက ထွက်လို့ဝင်လို့ မရတော့ဘူး။ ရွာမှာက TNLA တပ်ဖွဲ့တွေက ရှိနေတုန်းပဲ”
စစ်ကောင်စီတပ်ဟာ မူဆယ်ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးထားတဲ့ TNLA တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
TNLA ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးကတော့ ဒီမနက်တိုက်ပွဲအခြေအနေကို အသေးစိတ် မသိရှိရသေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းကလည်း မူဆယ်-နမ့်ခမ်းလမ်းပိုင်း စယ်လန့်ရွာအနီးမှာ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မပြည်သူ့စစ်တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့လို့ နမ့်ခမ်းမြို့မပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။