ရဟန်းနဲ့သီလရှင်တွေ ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက် ဖိနှိပ်မှုအဖြစ် ရှုမြင်ကြ
2021.06.17
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် သံဃာ့နာယကအဖွဲ့က ဇွန်လ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြို့နယ်အတွင်းရှိ ရပ်ကျေးသံဃာ့နာယကအဖွဲ့တွေ အနေနဲ့ မိမိတို့ ကျောင်းတိုက်တွေကို တခြားဒေသက လာရောက်တဲ့ ရဟန်းသံဃာတွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေရှိရင် ဧည့်စာရင်းတိုင်ကြားဖို့ ညွှန်ကြားခဲ့ပါတယ်။
"ဒါ မတရား ဖမ်းဆီးချင်တဲ့အတွက်ကြောင့် အတင်းအဓမ္မ ဥပဒေထုတ်လိုက်တာပဲ"
စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေတဲ့ ဆရာတော်တပါးက အခုလို ရဟန်း၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တွေ ဧည့်စာရင်းတိုင်ရမယ်လို့ မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်တဲ့ ကြေညာချက်ကို သူတို့ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အားလုံး ရရှိခဲ့ပြီး လက်တွေ့လိုက်နာ ဆောင်ရွက်ကြတာတော့ မရှိသေးဘူးလို့ မိန့်ပါတယ်။

“အင်္ဂလိပ်လို ၁၄ ရက်နေ့မှာ မြို့နယ်သံဃာ့မဟာ နာယက ကနေ စာလာပို့တယ်။ ဦးဇင်းတို့ ကျောင်းတိုက်မှာ ဧည့်စာရင်းဘာညာ ရှိတယ်ဆိုရင် လာပြီးတိုင်ကြဖို့ပေါ့။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးမှာ ရှိတဲ့ ကျောင်းတိုက်တွေတော့ အသီးသီးရောက်ကြတယ်။ ဒီစာရွက်လေးတွေသာ ရောက်တာ တင်းတင်းကြပ်ကြပ်ကြီး မဟုတ်တဲ့ အခါကျတော့ မပေးကြသေးဘူး။ ဟိုကျောင်း ဒီကျောင်း ဒီလိုလေးတွေပဲ နေကြတုန်းပဲ။ ဒီလိုမျိုးကြီး စာထွက်လာတဲ့အခါကျတော့ ဝက်အူများလို တဖြည်းဖြည်းချင်းနဲ့များ ကြပ်ပြီး ကိုင်လာသလားလို့ပေါ့။ ဒီ့ပြင်တိုင်းတွေတော့ ပါသလားမသိဘူး စစ်ကိုင်းတိုင်းတင်ပဲ။ ဒီစာက ပို့ထားတာဆိုတော့ တခုခုများ ထူးခြားနေသလားပေါ့။ အဲလိုမျိုး ဦးဇင်း တွေးမိပါတယ်။ ခုလောလောဆယ် ဦးဇင်းတို့က စစ်ကိုင်းမှာနေတယ် စစ်ကိုင်း တောင်ရိုးပေါ်ဆိုတော့ စာသင်တိုက်ကြီးတွေ ဆိုရင်လည်း အနယ်နယ်အရပ်ရပ်က လာတဲ့ သံဃာတွေ စုပြီးနေကြတာလေ။ တိုင်းအနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းက အကြီးဆုံးပဲ”
ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားသူ အရှင် မင်းသုညကတော့ ဒီကြေညာချက်ဟာ နိုင်ငံရေးလှုပ်ရှားသူတွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်မယ်ဆိုရင် ထောက်လှမ်းအရေးယူနိုင်အောင် ဆောင်ရွက်တာဖြစ်သလို သံဃာတွေရဲ့လှုပ်ရှားမှုကို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“သံဃာတော်တွေကို ဒါ သူတို့က ထိန်းချုပ်လိုက်တာပေါ့။ သံဃာတော်တွေက အခု တကျောင်းနဲ့ တကျောင်း လွတ်လွတ်လပ်လပ်တောင် သွားခွင့် မရှိတော့ဘူးပေါ့နော်။ သံဃာတော်တွေဆိုတာ အမြဲ ဒေသစာရီ ကြွချီကြရတယ်၊ ဒေသအသီးသီး ကျောင်းအသီးသီးကို မြတ်စွာဘုရား ကိုယ်တော်တိုင်ကနေ ပြီးတော့ တရားဟောကြ လှည့်လည်ကြ ကျောင်းစုံနေရာစုံကို သွားရမယ် ဟောထားတာပဲ။ ဒါ မတရား ဖမ်းဆီးချင်တဲ့ အတွက်ကြောင့် အတင်းအဓမ္မ ဥပဒေထုတ် လိုက်တာပဲ။ ယနေ့ဆို ဝမ်းနည်းစရာ ကောင်းတာက ဖမ်းဆီးခံထားရတဲ့ ဆရာတော်တွေ သံဃာတော်တွေ အများကြီး ရှိနေပြီ။ သို့သော်လည်း တချိန်က NLD အစိုးရလက်ထက်မှာ နည်းမျိုးစုံနဲ့ ဖောင်းထုနေကြတဲ့ ဆရာတော်တွေဟာ ဘာအသံမှ မထွက်ကြတော့ဘူး။ မသိချင်ယောင် ဆောင်နေကြတယ်၊ ဒါ စစ်အာဏာရှင်က သံဃာတော်တွေကို ရက်ရက်စက်စက် ပိုပြီး ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေ လုပ်လာမယ့် ခြေလှမ်းပဲလို့ ဦးဇင်းက မြင်တယ်”

စစ်ကောင်စီကို နေ့စဉ်ဆန္ဒပြနေတဲ့ မန္တလေးသံဃာ့ သမဂ္ဂဦးဆောင်ဆရာတော်တပါးကလည်း ဒါဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ လက်တွဲနေတဲ့ သူတို့ သံဃာတွေကို ခြေရာခံဖို့ ကြိုးပမ်းချက်အဖြစ် ရှုမြင်ပါတယ်။
“ရဟန်းသီလရှင်တွေကို ဒါ သက်သက်ဖိနှိပ်တဲ့ လုပ်ရပ်တမျိုးပဲ၊ ဒီလိုညွှန်ကြားချက်မျိုး သာသနာသမိုင်းမှာ မရှိခဲ့ဘူးဗျ။ ဦးဇင်းတို့ ဒီစစ်အစိုးရတွေ အုပ်ချုပ်ခဲ့တဲ့အချိန်မှာ ဒါ နိုင်ငံရေးသမားတွေကို အဓိက ပစ်မှတ်ထားပြီးတော့မှ ချမှတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ အဲဒီဥပဒေကြီးကို ဦးဇင်းတို့ အရပ်သားအစိုးရ လက်ထက်မှာ ပယ်ဖျက်ခဲ့တယ်။ အဲဒါကို အခုချိန်မှာ ပြည်သူတင်မကဘဲ ရဟန်းသံဃာတွေပါ ဧည့်စာရင်း တိုင်ရမယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး။ လူ့အခွင့်အရေးဘက်ကကြည့်ရင်လဲ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်တဲ့ အနေအထားဖြစ်တဲ့အတွက် ဦးဇင်းတို့ အနေနဲ့ လုံးဝလက်မခံဘူး။ သံဃာတွေကိုယ့်ကျောင်းမှာ မနေနိုင်တဲ့အခါကျတော့ ကိုယ်နဲ့ အဆင်ပြေနီးစပ်တဲ့ကျောင်းတွေမှာ နေထိုင်ရတာရှိတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတွေကို ဖမ်းချင်လို့ လုပ်တာလို့ ဦးဇင်းယူဆတယ်”
စစ်ကိုင်းတိုင်းနည်းတူ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလားတူ ကြေညာချက်တွေ ထုတ်ပြန်မှာလားဆိုတာတော့ လတ်တလော မသိရသေးပါဘူး။