မိုးဗြဲ ရဲစခန်းကို PDF သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၁၄ ယောက် သေဆုံး

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.05.23

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို မေလ ၂၃ ရက် ဒီနေ့မနက် ၉ နာရီကျော်က မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဒေသခံ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေ ပေါင်းပြီး တိုက်ခိုက် ခဲ့ပြီးနောက် မိုးဗြဲရဲစခန်းကို သိမ်းပိုက်လိုက်တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း မိုးဗြဲ ရဲစခန်းထဲက ဒု-ရဲအုပ် အပါအဝင် ရဲ လေးယောက် စစ်သား ၁၀ ယောက်၊ စုစုပေါင်း ၁၄ ယောက် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF အဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“စခန်းကို ၁ နာရီခွဲမှာ အကုန်လုံးသိမ်းလိုက်နိုင်တယ်။ ၁ နာရီမှာ စခန်း နည်းနည်းကျလာချိန်မှာ လက်နက် ချပြီး ဝင်လာတဲ့သူ နှစ်ယောက်ရှိတယ်။ အထဲမှာ လက်နက်မချပဲနေတဲ့ စစ်သားတွေ အပါအဝင် ရဲတွေ ၁၅ ယောက်ဝန်းကျင် စခန်းထဲမှာ ကျသွားတယ်“

ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းမိတဲ့ ရဲတပ်သား နှစ်ဦးကိုတော့ ထိန်းသိမ်းထားတယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း မိုင်းနင်းမိတာတွေ သေနတ်ကျည် ထိမှန်မှုတွေကြောင့် တပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အပျက်အဆီးနဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ မိုးဗြဲ ရဲစခန်း သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို သိနိုင်ဖို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

အခုလို မိုးဗြဲ ရဲစခန်းကျသွားတဲ့အတွက် မိုးဗြဲ ရေလှောင်ကန်အနီးမှာ တပ်စွဲထားတဲ့ ၄၂၂ တပ်ရင်းဘက်ကနေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်လို့လည်း PDF အဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရပ်ကွက်ထဲက လူနေအိမ်တွေအပေါ် လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ဒေသခံ ပြည်သူတစ်ဦးနဲ့ PDF တပ်ဖွဲ့ဝင် နောက်ထပ်တစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်နက်ကျည်ထိမှန်တဲ့ အမျိုးသမီးကို အချိန်မီအရေးပေါ်ဆေးကုသမှု လုပ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မေ ၂၃ ရက် မနက် ၈ နာရီကစပြီး ဒေသခံတွေ အပြင်မထွက်ကြဖို့ မိမိကိုယ်ပိုင် အရေးကြီး ပစ္စည်းတွေကို ကြိုတင်ထုတ်ပိုးထားကြဖို့ မိုးဗြဲ လူငယ်အဖွဲ့က မေ ၂၂ ရက် မနေ့ညကတည်းက ထုတ်ပြန်ကြေညာထားတာကြောင့် ဒေသခံတွေအနေနဲ့ ကြိုတင်တိမ်းရှောင်ထားကြသူတွေရှိပေမယ့် နေအိမ်မှာ ကျန်ခဲ့သူတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အပြင်မထွက်ရဲပဲ အိမ်ထဲမှာပဲ နေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအခြေအနေမှာ လက်နက်ကြီး ပစ်ခတ်တာတွေက အိမ်တွေထဲအထိ ရောက်လာတာကြောင့် အိမ်ထဲမှာ လည်း မလုံခြုံဘူးလို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“အခုလောလောဆယ် အဆက်မပြတ်ပစ်နေတော့ ပြည်သူတွေလည်း အပြင်သိပ်မထွက်ရဲကြဘူးဗျ။ တချို့အိမ်တွေ မီးလောင်ပြီး မီးခိုးတွေအူနေတာ တွေ့ရတယ်။ လက်နက်ကြီးတွေ အဆက်မပြတ် ကျနေလို့ အိမ်တွေတောင် တုန်တာရှိနေတယ်။ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေကတော့ အိမ်ထဲမှာ နေနေကြတယ်။ လုံခြုံလားဆိုတော့ မပြောတတ်သေးဘူး။ သူတို့က လက်နက်ကြီးတွေကို ရည်ရွယ်ပြီး ပစ်တာလား၊ ကျချင်တာကျဆိုပြီး လျှောက်ရမ်းပစ်သလား မပြောတတ်ဘူး။ အဲဒါကြောင့် အိမ်ထဲမှာ နေလည်း မလုံခြုံနိုင်ဘူး”

ဗုံးကွဲမှုတွေနဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း တစ်နေ့တစ်ခြား တိုးလာနေလို့ ဒုက္ခသည်စခန်းတစ်ခုကို ဒီနေ့ မေလ ၂၃ ရက်မှာ ဖွင့်လှစ် ခဲ့တယ်လို့ ပီကင်းကောခူ ဒုက္ခသည်စခန်း ကြီးကြပ်ရေး ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ နှစ်ဖက်လက်နက်ကိုင်တပ်တို့ အပြန် အလှန်ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၅ ထောင်နီးပါး တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ အဲဒီ ကော်မတီဝင်က ဆိုပါတယ်။

“ မြို့နယ်အသီးသီးမှာ ဗုံးပေါက်သံ၊ သေနတ်ဖောက်သံ ပစ်ခတ်မှုတွေဖြစ်တော့ တောထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူတွေ ခန့်မှန်းခြေ လေးငါးထောင်လောက် ရှိနေပြီ။ ရေရှည်မှာ သူတို့ တော ထဲမှာနေဖို့ အဆင်မပြေလောက်ဘူးလို့ ယူဆလို့ စစ်ဘေးရှောင်စခန်းတစ်ခု ထူထောင်ဖို့ လိုအပ်လို့ ဖွင့်ထားလိုက်ပြီ။ ကျွန်တော်တို့ ဖွင့်ထားတဲ့ စခန်းနဲ့ မဝေးတဲ့ အပြင်မှာရှိနေတဲ့လူတွေကို သွားပြန်ခေါ်ပြီး ဒီမှာနေထိုင်ဖို့ အဆင်ပြေအောင် စီစဉ်ထားတယ်“

လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က ဒေသခံပြည်သူတွေ အများဆုံး ထွက်ပြေးတိမ်း ရှောင်နေရတာဖြစ်ပြီး စစ်ဘေးရှောင်စခန်းအနီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုမလုပ်ကြဖို့ တောင်းဆိုထားပါတယ်။

မိုးဗြဲနဲ့ ထိစပ်နေတဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက စပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

အခု ကယားပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒေသခံ PDF အဖွဲ့နဲ့ ကယားပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါင်းတိုက်နေတာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF က သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လက်နက်ကိုင်တပ်တွေလဲ ဆိုတာကို RFA က တာဝန်ရှိသူတွေကို မေးမြန်းပေမယ့် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကယန်းပြည်သစ်ပါတီ (KNLP) တို့လို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။