မုံးကိုးစစ်ဘေးဒုက္ခသည် ၁၀၀ နီးပါး ကိုဗစ်ကူးစက်ခံနေရ
2021.09.24
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲအတွင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA တို့ရဲ့တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ထဲ ၉၃ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေ သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
ကိုဗစ်ကူးစက်ခံထားရသူတွေထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဓမ္မဆရာ ခြောက်ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာ ကိုဗစ်ကူးစက်ခံထားရသူ ၉၃ ဦးထဲက လူ ၃၀ ကို မုံးကိုးဆေးရုံကို ပို့ဆောင်ထားရပေမယ့် ကျန် ၆၃ ဦးကို စေတနာရှင်တွေ၊ ပရဟိတဆရာဝန်တွေနဲ့ ဘာသာရေးဆရာတွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးထားရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ရောဂါစစ်ဆေးမှုတွေ ပုံမှန်လုပ်နေရပြီး ပိုးတွေ့လူနာတွေက တစ်ရက်ပြီးတစ်ရက် တိုးလာနေတဲ့အတွက် ဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီ ပေးနေသူတွေက ပြောပါတယ်။
မုံးကိုးမြို့နယ်ခွဲ ကောင်းလုံကျေးရွာအုပ်စုအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေကြောင့် ကောင်းလုံး၊ မန်မောင်၊ တာတွေ၊ ဝမ်ချုံး၊ မန်ခွမ်၊ စွပ်ပဒါ၊ နမ့်ဟောင်း၊ ကျင်စီးကျိုင် အပါအဝင် ကျေးရွာ ကိုးရွာက လူဦးရေ ၇၃၀ ဟာ သြဂုတ်လ ၂၉ ရက်နေ့က မုံးကိုးမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြတာဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေကို မြို့ပေါ်က ကချင်ဘုရားကျောင်း၊ လီဆူကျောင်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တွေမှာ နေရာချထားပေးတာပါ။
မုံးကိုးနဲ့ ပန်ဆိုင်းမြို့နယ်အတွင်း သြဂုတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲ ကြောင့် ပန်ဆိုင်းမြို့နယ်ခွဲ ဖိုင်းကောင်းကျေးရွာက ဒေသခံ ၁၄၀၀ ကျော်အထိ တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာလည်း ကျေးရွာအနီး ညပိုင်းတိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ကျေးရွာသားတွေဟာ တရုတ်နယ်စပ် ဝမ်တိန်ချောင်းအနီးမှာ ညသွားအိပ်နေကြရတယ်လို့ ပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ မနေ့ကတော့ ပန်ဆိုင်း - မုံးကိုးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့် တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်လောက်ကစလို့ စစ်ကောင်စီတပ်တွေ အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲ တွေဆက်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။