မုံးကိုးတိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

2021.12.28
မုံးကိုးတိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo - Citizen Journalist

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသ ပန်မေရွာထဲမှာ ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီ တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူဟာ ပန်မေရွာက တရုတ်လူမျိုးဖြစ်ပြီး ခြေထောက်နှစ်ဖက်မှာ လက်နက်ကြီးကျည် ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လကစပြီး စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့ရဲ့ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မှာ ဟွာချောက်နဲ့ မန်ချယ်ဒေသတွေမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကားတစ်စီး မီးလောင်ပြီး ထိခိုက်ကျဆုံးသူ ၁၂ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း မန်ရန်နဲ့ ရှိကျိကျတောင်တန်းတွေမှာ တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ရာဝန်းကျင် ထိခိုက်ကျဆုံးတယ်လို့ ကိုးကန့် က သတင်းထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မုံးကိုးဒေသမှာ ဒီဇင်ဘာ ၂၂ ရက်အထိ တိုက်ပွဲတွေဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေရှိခဲ့ပေမဲ့ အများအပြားဆိုတာတော့ မဟုတ် ဘူးလို့ တုံ့ပြန်ပါတယ်။ လက်ရှိမှာလည်း အဲဒီမုံးကိုးဒေသမှာ အခြေအနေတွေက မငြိမ်သက်သေးဘူးလို့ ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။