မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ထပ်မံ ဖမ်းဆီးခံရ
2021.02.10
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖေဖော်ဝါရီ ၁ဝ ရက် ဗုဒ္ဓဟူးနေ့ည ၈ နာရီကျော်မှာ စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သားဖြစ်သူ ကိုဟိန်း အပါအဝင် အမည်မဖော်လိုသူ မိသားစုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
သားဖြစ်သူ ကိုဟိန်းကတော့ - ဒေါက်တာအေးဇံ ဖမ်းဆီးခံရချိန်မှာ တခြားတမြို့ကို ရောက်နေတဲ့အတွက် အသေးစိတ်ကို မသိဘူးလို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူကတော့ - ဒေါက်တာအေးဇံကို စစ်ကား ၄ စင်း၊ အင်အား ခန့်မှန်းချေ ၁၅ ယောက်လောက်နဲ့ အိမ်မှာလာပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဘယ်ကို ခေါ်သွားမယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
ဒါဟာ ဒုတိယအကြိမ် ဖမ်းဆီးခံရမှုဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်မှာလည်း ပထမတကြိမ် ဖမ်းဆီးခံခဲ့ရပြီးနောက် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ ထိန်းသိမ်းထားရာကနေ အခုလို ထပ်မံ ဖမ်းဆီးသွားတာဖြစ်ပါတယ်။