၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပို့


2019.02.20
mon-national-day-3.JPG

မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ “ မွန်အမျိုးသားနေ့ “ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ် (Photo: Khaymani Win/RFA)

mon-national-day-2.JPG

မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ “ မွန်အမျိုးသားနေ့ “ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ် (Photo: Khaymani Win/RFA)

mon-national-day-1.JPG

မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ “ မွန်အမျိုးသားနေ့ “ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ် (Photo: Khaymani Win/RFA)

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို မွန်ပြည်သစ်ပါတီအပါအဝင် မွန်တိုင်းရင်း သားတွေ ပူးပေါင်းပါဝင်လာမှုဟာ မွန်ပြည်နယ်အတွက်သာမက ပြည်ထောင်စု တစ်ခုလုံးအတွက် အားတက် ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ မွန်တိုင်းရင်းသားတွေအနေနဲ့ တခြားတိုင်းရင်းသားတွေ နဲ့အတူ လက်တွဲပြီး တတ်ကြွစွာ ပါဝင်စေလိုကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့က တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးအကျိုးတွေကို မွန်တစ်မျိုးသားလုံး ခံစားနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့ ကျရောက်တဲ့ မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ မွန်ပြည်နယ်က ဝယ်ဇင်စခန်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးနဲ့ မွန်တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ ကျင်းပခဲ့ပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငရွာမှာပြုလုပ်တဲ့ ၁၉၄၆ ခုနှစ်က ကျင်းပတဲ့ မွန်အမျိုးသားညီလာခံမှာ ဟံသာဝတီ ပဲခူးမြို့တော်ကို စတင်ထူထောင်ခဲ့တဲ့ တပို့တွဲလပြည်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့တာ အခုဆို ၇၂ ကြိမ်ရှိပြီလို့ သိရပါတယ်။

တဆက်တည်းမှာပဲ မွန်အမျိုးသား လူမျိုးစုများ လူမှုရေးအသင်း ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ၂၁ ရာစု ပင်လုံညီလာခံ ချောမွေ့စေဖို့ မွန်အမျိုးသားတွေအနေနဲ့ အတူတကွ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ မန္တလေးမြို့က သာသနာ ၂၅၀၀ ခန်းမမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

“ မွန်အမျိုးသားနေ့ “ ကို မန္တလေးမြို့မှာ ကျင်းပခဲ့တာ ၄၃ ကြိမ် ရှိပြီလို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ မခေမဏီဝင်းတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။