မွန်အမျိုးသားနေ့ အခမ်းအနား ကျိုက်မရောမြို့မှာ ကျင်းပ
2017.02.12

ဒီနေ့ ကျရောက်တဲ့ ၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား(ဗဟို)ကို မွန်ပြည်နယ် ကျိုက်မရောမြို့ ဘုရားကြီးဝန်းထဲမှာ ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တက်ရောက်ခဲ့ပါတယ်။
မွန်အမျိုးသားနေ့ဟာ ပြည်ထောင်စုအတွက်အားထားရတဲ့ နေ့တစ်နေဖြစ်ကြောင်းနဲ့ ဘယ်လိုအခက်အခဲမဆို တိုင်းရင်းသားအားလုံး လက်တွဲဖြေရှင်းကြဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပြောခဲ့ပါတယ်။
"ဘယ်လိုပင် အခက်အခဲနှင့်ရင်ဆိုင်ရ ရင်ဆိုင်ရ မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် ခိုင်မာတဲ့ပြည်ထောင်စုစိတ်ဓါတ်၊ စစ်မှန်တဲ့မျိုးချစ်စိတ်ဓါတ်တို့ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်"
အခမ်းအနားကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မွန်သံဃာတော်တွေ၊ မွန်အရပ် ဖက်အဖွဲ့တွေနဲ့ မွန်ပြည်နယ် ၁၀ မြို့နယ်အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူးစတဲ့ မြိုနယ်တွေက ထောင်နဲ့ချီတဲ့ မွန်လူ မျိုးတွေတက်ရောက်ခဲ့ပါတယ်။
အရင်နှစ်တွေမှာ ကျင်းပတဲ့ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို ပြည်နယ်ဝန်ကြီးချုပ်တွေက သဝဏ်လွှာသာပေး ပို့ခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခုလိုမိန့်ခွန်းပြောကြားတာ ဒါပထမဆုံး ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကျင်းပဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၅၀ ကူညီ ထောက်ပံ့ခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ မွန်အမျိုးသားနေ့အခမ်းအနားတွေကို လွတ်လွတ်လပ်လပ် ကျင်းပပြုလုပ်ခွင့်ရသလို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နေရာမှာလည်း လက်နက်နဲ့ စစ်ရေးပြတာတွေ လုပ်ဆောင်ခွင့်ပေးသင့်တယ်လို့ မွန်အမျိုးသားနေ့ အခမ်းအနားသဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဒေါက်တာ မင်းကြည်ဝင်း ကပြောပါတယ်။
မွန်လူမျိုးတွေ စာပေယဉ်ကျေးမှုဓလေ့ထုံစံတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သွားဖို့၊ မွန်လူမျိုးစု စည်းညီညွှတ်ပြီးနိုင်ငံရေးဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားတွေအတွက် အာမခံချက် အပြည့်အဝရှိတဲ့ ဖက်ဒရယ်တည်ဆောက်ရေးစတဲ့အချက်တွေလုပ်ဆောင်ဖို့ကိုလည်း အခမ်းအနားကနေ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
၇၀ကြိမ်မြောက်မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်ရှိ မြိုနယ်တွေ၊ ရန်ကုန်တိုင်း၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ထိုင်းနဲ့ မလေးရှားစတဲ့နေရာတွေမှာလည်း ကျင်းပခဲ့တယ်လို့သိရပါတယ်။
လာမယ်နှစ်မှာကျင်းပပြုလုပ်မယ့် ၇၁ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကရင်ပြည်နယ် ဘားအံမြိုမှာကျင်းပပြု လုပ်မှာ ဖြစ်ပါတယ်။