NMSP တပ်ဖွဲ့ဝင်တွေကို တပ်စစ်ဆေးရေးဂိတ်က စစ်ဆေး
2017.02.13

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကနေ ပြန်လာတဲ့ မွန်ပြည်သစ် ပါတီ NMSP တပ်ဖွဲ့ဝင်တွေကို ဘုရားသုံးဆူမှာရှိတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်က ဒီနေ့ တားဆီးစစ်ဆေး တာတွေ ပြုလုပ်ခဲ့တယ်လို့ NMSP ခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။
NMSP တပ်ဖွဲ့ဝင် ၆၀လောက်ကို စစ်ဆေးပြီး တေ့ွရှိတဲ့ ကျည်ဆံတချို့ကို သိမ်းယူသွားတယ်လို့ NMSP ခရိုင် ဥက္ကဌ နိုင်ဧက က ပြောပါတယ်။
"ခလရ ၂၈၃ လား ၂၈၄ လားမသိဘူး၊ သူတို့မှာ ဂိတ်ရှိတယ်လေ အဲဒီ သုံးဆူဂိတ်ကို ကျနော်တို့ လူက မွန်အမျိုးသားနေ့ အခမ်းအနားပြီးတော့ ပြန်ကြတာပေါ့လေ ကား ၆ စီးစာပေါ့၊ လူက ၅၀၊ ၆၀ လောက် ရှိမှာပေါ့၊ အဲဒီအပြန်မှာ သူတို့က အဲဒီဂိတ်မှာ စစ်ဆေးပြီးတော့ ကျနော်တို့ကားက ဘာမှမပါဘူးလေ၊ သူတို့စစ်ဆေးတဲ့ အချိန်မှာကြတော့ ကျနော်တို့ အချိန်စောင့်ဆိုင်းလိုက်ရတာပေါ့။ အဲဒီမှာ စစ်ဝတ်စုံတွေ သူတို့စစ်ပြီးတော့ အဲဒီကြားထဲမှာ ကျည်ဆံ ငါးလုံး ခြောက်လုံး ရှိတယ်ဆိုတော့ကာ အဲဒီ ကျည်ဆံ ငါးခြောက်တောင့်တော့ သိမ်းထားလိုက်တယ်။ အဲဒီစစ်ဝတ်စုံတွေ ဘာတွေ စစ်တာပေါ့ နောက်လက်နက်တွေပါလား ခဲယမ်းတွေပါလား အဲဒါ စစ်ဆေးပြီးတော့ ကျည်ဆံခြောက်တောင့် ပါသွားတာ ပေါ့လေ ဒါပဲ။"
NMSP တပ်ဖွဲ့ဝင်တွေဟာ ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားနဲ့ ဒေသအသီးသီးကို ပြန်လာကြ တာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုက ဦးဆောင်ကျင်းပခဲ့တဲ့ ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကုန်းမှာ မနေ့က ကျရောက်တဲ့ မွန်အမျိုးသားနေ့ကို စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းအနားအပြီး နေရပ်ဒေသအသီးသီးကိုပြန်ကြသူတွေထဲမှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် MNLA က စစ်ရေးပြတပ်ဖွဲ့ဝင်တွေ အပါအဝင် ဆေးတပ်ဖွဲ့၊ အမျိုးသမီးတပ်ဖွဲ့နဲ့ ဒေသခံတချို့ပါဝင်ပြီး အချိန်အတန်ကြာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ခရီးဆက်ခွင့်ပြုခဲ့တယ်လို့ နိုင်ဧက က ပြောပါတယ်။ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရယူခဲ့ပြီး နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။