ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ ခေါင်းဆောင်နေရာကနေ မွန်ပြည်သစ်ပါတီ နုတ်ထွက်
2023.05.12

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်နေရာကနေ မွန်ပြည်သစ်ပါတီ နုတ်ထွက်လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီဟာ ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်သွားပေမဲ့ PPST ရဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
"PPST ဦးဆောင်ကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် တစ်နှစ်ကျော်တာဝန်ယူခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူရတာတွေရှိတယ်၊ မွန်ပြည်သစ်ပါတီအနေနဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ အရင်ကလို အပြည့်အဝပါဝင်တာမျိုး မဟုတ်တော့ဘဲ ပူးပေါင်းအဖွဲ့အနေနဲ့သာ ပါဝင်တော့မယ်လို့ စာတင်ထားတာပါ၊ PPST နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားတာတော့ မဟုတ်ပါဘူး၊ အပြည့်အဝပါနေတာကနေ နုတ်ထွက်ပြီး ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်ရှိနေမှာဖြစ်ပါတယ်"
ခေါင်းဆောင်နေရာကနေ နုတ်ထွက်တာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
PPST အဖွဲ့ကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ဖွဲ့စည်းထားတာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က အဲဒီအဖွဲ့မှာ ဦးဆောင်ပါဝင်နေတာကနေ နုတ်ထွက်ပြီး ပူးပေါင်းအဖွဲ့အနေနဲ့ ရပ်တည်ခဲ့ကြတာပါ။
မွန်ပြည်သစ်ပါတီကလည်း ပူးပေါင်းအဖွဲ့အနေနဲ့ပဲ ဆက်လက်ပါဝင်သွားမယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် PPST ထဲမှာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ ခြောက်ဖွဲ့သာ ကျန်ပါတော့တယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေဖြစ်ပါတယ်။
PPST ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာမယ့် မေ ၁၇၊ ၁၈ ရက်နေ့ကျရင် ကျင်းပဖို့စီစဉ်ထားပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ နုတ်ထွက်စာကို အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်မလား၊ မဆုံးဖြတ်သေးဘူးလားဆိုတာကို အတိအကျပြောလို့မရသေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။ အဲဒီထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာ စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးနေတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြမှာဖြစ်ပါတယ်။