NCA မှာ လက်မှတ်ထိုးဖို့ NMSP နီးစပ်လာပြီဖြစ်ကြောင်း ပြည်တွင်း တာဝန်ခံ ပြော


2017.03.22
nmsp-620.jpg မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက မွန်ပြည်သစ် ပါတီဟာ NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ နီးစပ်လာပြီလို့ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ်မှာ အားလုံးပါဝင်ရေးမူနဲ့ တိုက်ပွဲတွေ ရပ်စဲရေးဆိုတဲ့ အချက်တွေကို လက်လွှတ်လိုက်တာကြောင့် လက်မှတ်ရေးထိုးဖို့ နီးစပ်လာတာဖြစ်တယ်လို့ နိုင်ဝင်းလှက ပြောပါတယ်။

"အဲဒီအထဲမှာ ကျနော်တို့ နှစ်ဘက်ပေါ့။ နှစ်ဘက်ဆိုတာက ကျနော်တို့ဘက်နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်) ဘက်ပေါ့လေ။ ဆွေးနွေးတဲ့အပေါ်မှာ ညှိနှိုင်းတဲ့အပေါ်မှာ မူတည်တာပေါ့လေ။ ကျနော်တို့ ဘက်ကတော့ ခုနက ကျနော်တို့ ရပ်တည်ထားသလိုပဲလေ။ ဒီ အားလုံးပါဝင်ရေးဆိုတဲ့ဟာ၊ တိုက်ပွဲတွေရပ်ရေးဆိုတဲ့ဟာကျတော့ လက်လွှတ်လိုက်တဲ့ အခြေအနေပေါ်မှာ ရှိတော့ကာ ဒီ ကျနော်တို့ နီးစပ်လာတဲ့သဘော ပြောလို့ရပါတယ်။"

အရင်က ရခိုင်တပ်မတော် (AA)၊ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုအချိန်မှာ အဲဒီအဖွဲ့တွေ အနေနဲ့ NCA မထိုးဘဲ အခြားနည်းလမ်းနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမယ်လု့ိ ကြေညာထားတာကြောင့် အခုလို လက်လွှတ်လိုက် တာဖြစ်တယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြပွဲကို ထည့်သွင်းကျင်းပခဲ့တဲ့အတွက် တပ်မတော်နဲ့ စစ်ရေး တင်းမာခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ တပ်မတော်က မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်တွေကို ဖယ်ရှားခိုင်းခဲ့သလို ဆက်ဆံရေးရုံးတစ်ခုကိုလည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။