မွန်အဖွဲ့နဲ့ တပ်မတော် ပြေလည်မှုရ


2017.02.16
naingwinhla-620.jpg မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီတပ်တွေ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေဆုံညိုနှိုင်းကာ ပြေလည်မှုတချို့ရခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။

အဲဒီလို ပြေလည်မှုတွေရခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမလိုတော့ဘူးလို့ မွန်ပြည်သစ်ပါတီ ပြည်တွင်း တာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။

"မပြေလည်တဲ့အပိုင်းတွေကို ရှင်းလင်းတင်ပြပြီး ပြေလည်တန်သလောက် ပြေလည်သွားပါပြီ၊ ကေအဲန်ယူ နဲ့ ဖြစ်တဲ့ကိစ္စမှာရော တပ်မတော်နဲ့ ဖြစ်တဲ့ကိစ္စမှာရော တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့နည်းပဲ အားထားပါတယ်"

ဒီနေ့ မော်လမြိုင်မြို့ရှိ အရှေတောင်တိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးအပါအဝင် တပ်ဘက်ကတာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီက အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ အစရှိတဲ့ တာဝန်ရှိသူတွေ တွေဆုံခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့ရက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူရှိ ဂျပန်ရေတွင်းမှာ မွန်ပြည်သစ်ပါတီက မွန်အမျိုးသားနေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနားမလုပ်ဖို့ တပ်ဘက်ကတားဆီးခဲ့ပါတယ်။

မီဒီယာတချို့မှာ မွန်ပြည်သစ်ပါတီက တပ်မတော်ကိုအာခံပြီး စစ်ရေးပြလုပ်မယ့်ဆိုတဲ့ သတင်းတွေကြောင့် နှစ်ဖက် တင်းမာတွေ ပိုဖြစ်လာတယ်လို့ နိုင်ဝင်းလှက ပြောပါတယ်။

ဒါကြောင့် မနေ့ကလည်း ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးစက်တစ်လုံး သိမ်းဆည်းခဲ့ပါတယ်။

အလားတူ ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူ မြို့အထွက်နားက မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်နှစ်ခုဖြစ်တဲ့ ဘုရားတောင်ဂိတ်စခန်းနဲ့ သံဖြူဇရပ်မြို့ အဝင်မှာရှိတဲ့ ဇီးနှစ်ပင်ဂိတ်စခန်းတို့ကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။

အစိုးရတပ်မတော်ယာဉ်တွေဟာ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူတစ်လျောက်မှာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့ကာ ဒေသခံတချို့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။