မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြမထည့်ဖို့ပြော


2017.02.09
mon-national-day-620.jpg ၂ဝ၁၅ ခုနှစ်က ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်အမျိုးသားနေ့အခမ်းအနားကို လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားရာမှာ စစ်ရေးပြ အခမ်းအနား ထည့်သွင်းပြီးမလုပ်ဖို့ ပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားထားတယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူနားက ဂျပန်ရေတွင်းကုန်းရွာမှာ ကျင်းပမယ်လို့ မွန်ပြည်သစ်ပါတီက စီစဉ်ထား တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်အစိုးရက အဲဒီလို အကြောင်းကြားထားပေမယ့် မွန်ပြည်သစ်ပါတီက စီစဉ်ထားတဲ့ အတိုင်း ပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။

''ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကာလမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေဖြစ်မှာစိုးလို့ တပ်နဲ့ ဘာနဲ့ အင်အားပြတဲ့ သဘော သက်ရောက်တယ်၊ ဘုရားသုံးဆူနဲ့လည်းနီးတယ်ဆိုတော့ အဲဒီဂျပန်ရေတွင်း တစ်နေရာတော့ သူတို့က မပေးလုပ်စေချင်တဲ့သဘောပေါ့လေ၊ မွန်ပြည်သစ်ကျတော့ ဒီလက်နက်ကိုင် စစ်ရေးပြ အစီအစဉ်ပေါ့လေ၊ ဒါကလည်း အစဉ်အဆက်ပါခဲ့တာပဲလေ၊ ကျနော်တို့ကတော့ ဆက်လုပ်ဖို့ အစီအစဉ်ပေါ့လေ၊ ဗဟိုအဆင့်ကတော့ ဒီနှစ်မှာဂျပန်ရေတွင်းနေရာကို ရွေးထားတယ် ''

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက မွန်ပြည်သစ် ပါတီထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ အဲဒီလိုစစ်ရေးပြ တပ်တွေပါထည့်ပြီး အင်အားပြတာမျိုးတွေ ပါလာရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက်လို့ ပြည်နယ်အစိုးရက ပေးပို့တဲ့စာမှာ ပါသလို ဘုရားသုံးဆူ နဲ့လည်း နီးနေတဲ့အတွက်ကြောင့်လို့ ပါကြောင်း နိုင်ဝင်းလှက ပြောပါတယ်။

မွန်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီက ခရိုင် ၃ ခုစလုံးမှာ ကျင်းပမှာဖြစ် ပြီး ဗဟိုအဆင့်အခမ်းအနားကိုတော့ ဒီနှစ်မှာ ဘုရားသုံးဆူမြို့နားက ဂျပန်ရေတွင်းကုန်း ဆိုတဲ့ရွာကို သတ်မှတ်ထား တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။