မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး
2024.05.14

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ရွာကို မေလ ၁၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ အသက် ၅၀ ခန့်အရွယ်ရှိကြတဲ့ ဇနီးမောင်နှံတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညပိုင်း ၈ နာရီလောက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လာပစ်သွားတာ။ ပစ်တာတော့ တစ်ကြိမ်ပဲပစ်တာ။ အမျိုးသားက တစ်ခါတည်း မီးလောင်သွားတယ်။ သူ့အမျိုးသမီးက ဒဏ်ရာရတယ်”
မြို့သစ်ရွာအခြေစိုက် ခမရ- ၃၂၀ တပ်ရင်းကို မတ်လ ၂၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းယူခဲ့တာပါ။ တိုက်ပွဲဖြစ်နေစဥ်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ လက်ရှိမှာ အားလုံးနေရပ်ပြန်ပြီး နေထိုင်နေကြတာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မေလ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့နယ် စီအင်ရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစလို့ မေလ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၉ ဦး သေဆုံးခဲ့ပါတယ်။