ကျောက်မဲနဲ့ မိုးကုတ်မှာ စစ်သုံ့ပန်း ၄ဝ ဖမ်းမိကြောင်း TNLA ပြော
2024.07.23

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်း အယောက်လေးဆယ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း အယောက်လေးဆယ်နဲ့ အလောင်း ၅၄ လောင်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်ရဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်သုံ့ပန်းတွေ၊ အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာလို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၃ ရက်နေ့က မိုးကုတ်မြို့နယ် ချမ်းသာကြီးရွာ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၁၉ ယောက်ဖမ်းမိခဲ့သလို မစိုးရိမ်ကျောင်းတိုက်ရှိ စစ်ကောင်စီသားတွေနဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား အလောင်း (၁၆)လောင်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဇူလိုင်လ ၁၉ ရက်ကနေ့ ၂၂ ရက်နေ့အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။