မိုးကုတ်နဲ့ မိုးမိတ်က တပ်စခန်းလေးခုသိမ်းယူခဲ့ကြောင်း TNLA ပြော
2024.07.09

တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ရဲ့ ၁၅ ရက်မြောက်စစ်ဆင်ရေးနေ့မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်နှစ်ခုက စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၉ ရက်နေ့တိုက်ပွဲမှာ စခန်းလေးခု သိမ်းယူနိုင်ခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။
"လက်ရှိ ဒီကနေ့ တိုက်ပွဲမှာဆိုရင်တော့ မိုးကုတ်မှာရှိတဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်တယ်၊ မိုးမိတ်မှာတော့ မိုင်တိုင် ၆ နဲ့ သရက်တောစခန်းတွေကို သိမ်းနိုင်ပါတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ သရက်တောစခန်းနဲ့ မိုင်တိုင် (၆) တပ်စခန်းတွေကို TNLA က လက်နက်ခဲယမ်းတွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မန္တလေးတိုင်း မိုးကုတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ မိုင်တိုင် (၅) စခန်းနဲ့ ယောမူးစခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့လည်း လွေးယေဦးက ပြောပါတယ်။
ဒီနေ့မှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ TNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိုးမိတ်မြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ဆင်ရေး ၁၅ ရက်အတွင်း အရပ်သား ၅၀ သေဆုံးပြီး ၇၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ စခန်းသိမ်းခံရတာ၊ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးကြောင်း TNLA ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။