မိုးကုတ်တိုက်ပွဲကြောင့် ထွက်ပြေးလာသူ နှစ်ထောင်ခန့် ဆက်လက်ပိတ်မိနေ
2024.07.13

တိုက်ပွဲတွေကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ကနေ မိုးကုတ်- မန္တလေးလမ်းအတိုင်း ထွက်ပြေးတိမ်းရှောင်လာသူတွေအထဲက စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် စဥ့်ကူးမြို့နယ်ထဲမှာ ဇူလိုင်လ ၁၃ ရက် ဒီနေ့အထိ ဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်နဲ့ ထွက်လာကြတဲ့ ဒေသခံအများစုက ဂိတ်တွေဖွင့်ပေးလို့ မန္တလေးမြို့အထိ ရောက်ရှိသွားပြီး လက်ရှိမှာ ကားအစီးရေ လေးရာခန့်က ရွှေပြည်နဲ့ လက်ပန်လှရွာတွေအနီးမှာ ဆက်လက်ပိတ်မိနေတာပါ။
မိုးကုတ်က ထွက်ခွာလာတဲ့အထဲမှာ နာမကျန်းဖြစ်သူတွေနဲ့ သေနတ်ဒဏ်ရာရထားတဲ့ စစ်ဘေးဒုက္ခသည်တချို့ကိုလည်း ဆေးကုသနိုင်ဖို့အတွက် ထွက်ခွာခွင့်ပေးတာကြောင့် ဇူလိုင် ၁၁ ရက်နေ့မှာ မန္တလေးမြို့ကို ရောက်ရှိသွားပြီလို့လည်း ဆိုပါတယ်။
ဆိုင်ကယ်တွေကတော့ ဧရာဝတီမြစ်ကို ဇက်ရေယာဥ်နဲ့ကူးပြီး စစ်ကိုင်းမြို့ကတစ်ဆင့် မန္တလေးကို ထွက်သွားခဲ့ကြပေမဲ့ကားတွေ ဆက်လက် ပိတ်မိနေတာဖြစ်တယ်လို့ အဲဒီမှာ ပိတ်မိနေတဲ့ဒေသခံက RFA ကို ပြောပါတယ်။
“ဆိုင်ကယ်ကျတော့ ရွှေပြည်ရွာကိုကျော်သွားပြီး ဧရာဝတီမြစ်ကို မော်တော်ဇက် အသေးစားလေးနဲ့တင်ကူးပြီး တစ်ဖက်ကမ်းကိုသွားတယ်။ ဝက်လက်နယ်ထဲ ရောက်တယ်။ အဲဒီမှာဆင်းပြီး စစ်ကိုင်းကနေ မန္တလေးကို ပြန်ဝင်တယ်။ ကားကကျတော့ ကူးဖို့အတွက် အဆင်မပြေဘူး။ မြစ်ရေလည်း တိုးနေတယ်။ ဇက်ကကျတော့ အကြီးစား မဟုတ်တဲ့အတွက် အဆင်မပြေဘူး။ သူကလည်း တင်လို့ရတာ ကားအသေးနှစ်စီးပဲ တင်လို့ရတယ်။ ကားတင်ရင် တစ်ရက်မှ ခြောက်စီးလောက်ပဲ တင်လို့ရတာ။ တစ်ခေါက်သွားရင် အသွား နှစ်နာရီ၊ အပြန် နှစ်နာရီ ကြာတာ။ အဲဒီလို လွှတ်လိုက်တယ်ဆိုရင် အဲဒီမှာ သွားပြုံနေနိုင်တယ်။ အဲဒါကြောင့် သူတို့ ကားကို မလွှတ်သေးတာ”
စဥ့်ကူးမြို့နယ်ထဲမှာ ပိတ်မိနေသူတွေဟာ ညောင်ဝန်းရွာမှာ ယာယီနေထိုင်နေကြပြီး ဒေသခံတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် ကူညီပေးထားတယ်လို့ ဆိုပါတယ်။
မိုင် ၁၂၀ သာ ကွာဝေးပြီး ကားနဲ့ဆိုရင် ခုနစ်နာရီသာ သွားရတဲ့ မိုးကုတ်- မန္တလေး လမ်းခရီးမှာ စစ်ဘေးဒုက္ခသည်တွေ ပိတ်မိနေတာ နှစ်ပတ်နီးပါး ရှိနေပြီပါပြီ။
လက်ရှိမှာ မန္တလေးကိုရောက်ဖို့ မိုင်ခြောက်ဆယ်ကျော် လိုနေပြီး ကားလမ်းအတိုင်းသွားရင် တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာမြို့နယ်ကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။