မိုးမောက် ခါနန်ရွာတိုက်ပွဲ လူ ၂၀၀ ခန့် ထွက်ပြေးနေရ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခါနန်ရွာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေအကြား ဖေဖော်ဝါရီ ၁၇ ရက် မနေ့က တိုက်ပွဲဖြစ်ခဲ့တာကြောင့် ခါနန်ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေ အပါအဝင် အရပ်သားပြည်သူ ၂၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ခါနန်ရွာ စစ်ဘေးဒုက္ခသည်စခန်း အနီးကို စစ်တပ်ဘက်က စစ်ကြောင်းထိုး လာတဲ့အတွက် KIA တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ခါနန်ဒုက္ခသည်စခန်းက ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူ ၃၀ လောက်ကိုပဲ မိုးမောက် မြို့ပေါ် က နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းဆီ အရေးပေါ် ပြောင်းရွှေ့လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခု ခါနန်စစ်ဘေးဒုက္ခသည် စခန်းက ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေ အယောက် ၃၀ လောက်ကိုတော့ မိုးမောက် နှစ်ခြင်းစစ်ရှောင်စခန်းကို ရွှေ့ထားတယ်။ လူလတ်ပိုင်းတွေ ကတော့ ကျန်သေးတယ်။ ရွာက လူတွေလည်း ထွက်ပြေးကြတယ်"
မိုးမောက်မြို့နယ် ခါနန်ကျေးရွာဟာ ကေအိုင်အေ တပ်စွဲထားတဲ့ နေရာဖြစ်ပြီး အဲဒီနေရာကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ထိ နှစ်ဖက်အခြေအနေ တင်းမာ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ခါနန်ရွာ အနီးမှာ ရှိတဲ့ ဝဝမ်ကျေးရွာက နေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
စစ်အာဏာ သိမ်းပြီးတဲ့နောက် လအနည်းငယ်အကြာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း လောက်က မိုးမောက်မြို့နယ်ထဲက ကျေးရွာအတော်များများမှာ စစ်ကောင်စီ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဝဝမ်၊ နောင်ချို၊ ၁၇ မိုင်၊ ၁၉ မိုင် အစရှိတဲ့ ကျေးရွာတွေက ဒုက္ခသည် ၂၀၀ ခန့် ခါနန်ကျေးရွာမှာ လာရောက်ခိုလှုံနေတာလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။