ရပ်ရွာတွေကို ဗုံးကြဲမှုက ငြိမ်းချမ်းရေး ထိခိုက်စေကြောင်း MNDAA ပြော
2024.09.23

စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က စက်တင်ဘာ ၂၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်ပြီးနောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ မြို့ပေါ်က စာသင်ကျောင်း၊ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လေးကြိမ်မြောက် ဗုံးကြဲမှုမှာတော့ လားရှိုး မော်တယ်အရှေ့နဲ့ အမှတ် (၁၂) ရပ်ကွက်က လူနေအိမ်တွေကို ပစ်မှတ်ထားခဲ့တာကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ MNDAA က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလမှာ ကိုးကန့်တပ်မတော် (MNDAA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အပါအဝင် သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ ကုန်းကြမ်းမြို့တွေကို သိမ်းပိုက်ထားပါတယ်။
MNDAA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းတာ၊ နောက်ထပ် စစ်မြေပြင်ချဲ့ထွင်တာတွေ မလုပ်ကြောင်းနဲ့ တရုတ်နိုင်ငံက ငြိမ်းချမ်းလုပ်ငန်းစဥ်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။