မုံးကိုးဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်၊ ဒေသခံ ၂၅၀၀ ခန့် ထွက်ပြေးနေရ

2021.09.28
မုံးကိုးဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်၊ ဒေသခံ ၂၅၀၀ ခန့် ထွက်ပြေးနေရ စစ်ကောင်စီတပ်နဲ့ MNDAA တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို ၂၀၂၁ စက်တင်ဘာလက တွေ့ရစဉ်
Photo: CJ
ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်အနားက မုံးကိုးဒေသမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
 
ပြည်ထောင်စုလမ်းမကြီးပေါ် သိန္နီ - လားရှိုးလမ်းပိုင်း၊ ဟိုပိတ်ရွာအနားမှာ စက်တင်ဘာလ ၂၆ ရက်နေ့နဲ့  ၂၇ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရတယ်လို့ လည်း ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ဟိုပိတ်ကျေးရွာအနားမှာ ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
 
တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့နယ်ထဲက မုံးကိုးမြို့နယ်ခွဲနဲ့ ပန်ဆိုင်းမြို့နယ်ခွဲထဲမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကတည်းက ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး မုံးကိုးမြို့ပေါ် အပါအဝင် ဖိုင်းကောင်းရွာ၊ ဖောင်းဆိုင်ရွာနဲ့ နော်ဂူရွာတွေကနေ ထွက်ပြေးရသူစုစုပေါင်း ၂၅၀၀ နီးပါးရှိနေ ပြီလို့ ဒေသခံကဆိုပါတယ်။
 
ဒါ့အပြင် မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၀၀ ကျော် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
 
စစ်ကောင်စီကတော့ လာမယ့် (၇၅) နှစ်ပြည့် ပြည်ထောင်စုနေ့နဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးကို အကြောင်းပြပြီး အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို ထိပါးနှောင့်ယှက်ခံရချိန်မှအပ စစ်ရေးလှုပ်ရှားမှုတွေ ငါးလရပ်ထားမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။