သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်ကျော်သေဆုံး

RFA Burmese
2024.10.02
သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်ကျော်သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။
Facebook/ Nay Wai Soe

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ MNDAA က သတင်းထုတ်ပြန်ပါတယ်။

သုံးလအတွင်း လေကြောင်းကနေ အနည်းဆုံး ၂၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး MNDAA ရဲ့ အထူးဒေသ (၁) လောက်ကိုင်မြို့နဲ့ သိန္နီခရိုင်တွေက စစ်ရေးနယ်မြေမဟုတ်တဲ့ နေရာတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို MNDAA က သြဂုတ် ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမရှိတော့ဘဲ စစ်ကောင်စီက စက်တင်ဘာလနှောင်းပိုင်းကစပြီး နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း မရေတွက်နိုင်တဲ့ အများပိုင်အဆောက်အဦတွေအပြင် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဟိုတယ်တွေ ပျက်စီးခဲ့ရပြီး ပြည်သူတွေ ထိခိုက်ပျက်စီးတာတွေကို တိုင်းတာလို့ မရနိုင်ဘူးလို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီရက်ပိုင်းတွေအတွင်း လားရှိုးမြို့ကို နေ့စဉ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့ခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေပြီး သူတို့ဟာ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် တစ်ကျော့ပြန် နေရပ်စွန့်ခွာထွက်ပြေးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လားရှိုးမြို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်ရော၊ ဝေဟင်ကနေပါ ပြန်လည်ထိုးစစ်ဆင်မယ်လို့ ပြောဆိုထားပြီး လားရှိုး၊ သီပေါ၊ နောင်ချိုမြို့တွေကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။