မြန်မာနိုင်ငံသား ၈ ဦးသေဆုံးမှု အရေးယူပေးရန် မြန်မာ အစိုးရ တောင်းဆို


2013.04.06
indonesai-detention-305.jpg အခင်းဖြစ်ပွားခဲ့တဲ့နေရာကို လာရောက်စစ်ဆေးနေတဲ့ အင်ဒိုနီးရှား ရဲတပ်သားတွေကို တွေ့ရစဉ်
photo: AFP

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်းမှာ မြန်မာနိုင်ငံသားရှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးပြီး အင်ဒိုနီးရှားရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမယ့် အချက်သုံးချက်နဲ့  ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို အခုလို ပြောပါတယ်။

"၃ ချက်ရှိပါတယ်၊ နံပါတ် (၁) ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်မှန်ပေါ့နော်၊ ဥပမာ ဓားနဲ့ခုတ်တယ်ဆိုရင် အဲဒီဓားတွေ ဘာလို့ထိန်းသိမ်းရေး အကျဉ်းစခန်းထဲရောက်နေလဲ၊ ဘေးမှာလုံခြုံရေးတွေ ရှိနေတဲ့ကြားမှာ ဘယ်လိုဖြစ်သွားလဲ၊ ဘာကြောင့်ဖြစ်သွာားလဲ၊ အဲဒီဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့၊ နံပါတ် (၂) က အဲ့ဒီဖော်ထုတ်လို့ရပြီဆိုတာနဲ့ အထဲမှာပါဝင်ပတ်သက်တဲ့ ပြစ်မှုအကြောင်းအရာ၊ ဥပဒေအကြောင်းအရာ၊ ပြစ်မှုကျူးလွန်တယ်၊ အပြစ်ကျူးလွန်ထားတဲ့ လူတွေရှိတယ်ဆိုရင် သူတို့အင်ဒိုနီးရှားရဲ့တည်ဆဲဥပဒေနဲ့ အရေးယူပေးဖို့၊ နံပါတ် (၃) က အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တာမျိုးတွေကို အလားတူဖြစ်ရပ်မျိုး ဖြစ်မလာအောင် ကျနော်တို့ နိုင်ငံသားတွေကို လုံခြုံရေးအကာအကွယ်ပေးဖို့၊ အဲ့ ၃ ချက်ပါ၊ "

ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်မှာ ဧပြီလ ၅ ရက်နေ့က ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာအုပ်စုက ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက်တာကြောင့် ၈ ဦး သေဆုံးခဲ့ပါတယ်။

မိတ္ထီလာမြို့က အဓိကရုဏ်းဖြစ်စဉ် ဓါတ်ပုံတွေကို အဲဒီ လဝကအကျဉ်းစခန်းမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေက ကြည့်ရှုရပြီး၊ ရန်စရာက ဝိုင်းဝန်းရိုက်နှက်တဲ့အထိဖြစ်ခဲ့တာလို့ အင်ဒိုနီးရှား ရဲအရာရှိတွေကို ကိုးကားပြီး အေအက်ဖ်ပီနဲ့ အေပီ သတင်းဌာနတွေမှာ ဖေါ်ပြပါတယ်။

အစိုးရအနေနဲ့ တခြားနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလားတူဖြစ်ရပ်တွေ မရင်ဆိုင်ရအောင် အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအစိုးရတွေကို မြန်မာသံရုံးတွေကတဆင့် ဆက်သွယ်ပြီးပြောဆိုဖို့ စီစဉ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။