ဒဂုံတက္ကသိုလ်က ကိုမင်းသုခကျော်ကို စစ်ခုံရုံးက ထောင် ၁၀ နှစ်ချမှတ်
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို စက်တင်ဘာ ၆ ရက် ဒီနေ့မှာ မြောက်ဥက္ကလာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ကိုမင်းသုခကျော်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“တရားရုံးက မဟုတ်ဘဲနဲ့ မြောက်ဥက္ကလာ စစ်ခုံရုံးကနေပြီး ၅၀၅ အမှုလည်းပါတယ်။ ကျောင်းသားတွေ စုပြီး ထောင်ဝင်စာတွေ့ဖို့ ဘာဖို့ဆိုပြီး ဦးဆောင်သူအဖြစ် အဲဒီအချက် ၂ ချက် ၃ ချက်လောက်နဲ့ သူ့ကို စွဲချက်တင်ပြီး ထောင် ၁၀ နှစ်ချလိုက်တယ်လို့တော့ ပြောတယ်။ အသေးစိတ်တော့ မသိရဘူး။ ဒီနေ့ ထောင်ချတယ်ဆိုတာလည်း နီးစပ်ရာက သိရတာ။ မိသားစုကို အကြောင်းမကြားဘူး“
ဒီမိုကရေစီနဲ့ ကျောင်းသားလူ့အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ ကိုမင်းသုခကျော်ဟာ လွန်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မြောက်ဥက္ကလာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး ၃ လကျော်အကြာမှာ စစ်ခုံရုံးက အခုလို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုမင်းသုခကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာတင် တစ်လခန့်ကြာပြီးမှ အင်းစိန်ထောင်ကို ပို့ခံခဲ့ရတာပါ။ အင်းစိန်ထောင်မှာ နှစ်လခန့်အကြာတော့မှ မြောက်ဥက္ကလာ ရဲစခန်းကနေ ရမန်ယူတဲ့အချိန်မှာ မိသားစုနဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ ကျန်းမာရေးအခြေအနေ ကောင်းပေမယ့် မိသားစုဝင်တွေနဲ့ နောက်ထပ် တွေ့ခွင့် မရဘူးလို့ ကိုမင်းသုခကျော်နဲ့ နီးစပ်သူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ စက်တင်ဘာလ ၄ ရက်နေ့အထိ ၆၂၃၀ ဦး ဖမ်းဆီးခံထားရပြီး ၂၆၄ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ ဖော်ပြထားပါတယ်။