မင်းကင်းမြို့နယ် ထုံးကြီးရွာ မီးရှို့ခံရ၊ လူနှစ်ဦး မီးလောင်သေဆုံးနေ

2021.12.15
မင်းကင်းမြို့နယ် ထုံးကြီးရွာ မီးရှို့ခံရ၊ လူနှစ်ဦး မီးလောင်သေဆုံးနေ မင်းကင်းမြို့နယ် ထုံးကြီးရွာက မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: မင်းကင်းမြို့နယ် တောင်တွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့

ဒီဇင်ဘာ ၁၄ ရက် မနေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ထုံးကြီးရွာမှာ မီးရှို့ခံလိုက်ရတဲ့ နေအိမ်တွေထဲမှာ မီးလောင်ကျွမ်းနေတဲ့ အလောင်းနှစ်လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့လာတဲ့ လမ်းတစ်လျှာက် မီးရှို့ဖျက်ဆီးခဲ့ပြီး သူတို့မရှိတဲ့အချိန် ရွာကို သွားကြည့်တဲ့အခါမှာ အခုလို တွေ့ခဲ့ရတာလို့ မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ PDF စစ်ရေးတာဝန်ခံ ကိုမိုးယံက ပြောပါတယ်။

"သေဆုံးသူက ဦးခွန်နောင်လို့ သိရပြီး အမျိုးသမီးနာမည်တော့ မသိရသေးဘူး။ စစ်သားတွေက လုပ်သွား တာပေါ့၊ ဘာလို့ဒီလိုလုပ်သွားလဲ ဆိုတာတော့မသိဘူး၊ အရပ်သားတွေပါ၊ သူတို့အလောင်းကို တွေ့တဲ့ အချိန် အကုန်ကျွမ်းနေပြီ၊ လင်မယားနှစ်ယောက်လုံး သူတို့အိမ်ထဲမှာပဲ သေနေတာပေါ့"

ကလေးမြို့ကနေလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မင်းကင်းနဲ့ ကနီမြို့နယ်တွေကို ဖြတ်သန်းသွားပြီး မင်းကင်းမြို့နယ်ထဲက ထုံးကြီး၊ သစ်ခေါင်းတီး၊ တပ်ချောင်းကြီး၊ ကျော်ရွာ စတဲ့ရွာတွေက အိမ် အလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့သွားတဲ့ ဒေသခံတစ်ယောက်လည်း စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက်ကလည်း ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဂုံညင်းနဲ့ ပိက္ခယား ရွာတွေက အိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးပြီး ကြာပင်ရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အဲဒီရွာအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့တယ်လို့ ဒေသခံတွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးဖို့ ကြိုးစားနေပါတယ်။

လတ်တလောမှာတော့ တောင်တွင်းအုပ်စုထဲပါတဲ့ ရွာပေါင်း ၃၆ ရွာက ဒေသခံ တစ်သောင်းကျော် ဘေးလွတ် ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။