ကျောက်ကြီးမှာ ခရီးသည်တင်ကား မိုင်းထိပြီး သုံးဦးသေဆုံး

RFA Burmese
2023.03.20
ကျောက်ကြီးမှာ ခရီးသည်တင်ကား မိုင်းထိပြီး သုံးဦးသေဆုံး ကျောက်ကြီးမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ညောင်ကုန်းရွာအနီးမှာ မတ်လ ၂၀ ရက် မနက်ပိုင်းက ခရီးသည်တင်ကားတစ်စီး မိုင်းထိခဲ့လို့ ကားပေါ်ပါသူ သုံးဦးသေဆုံးပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ကြီး-တောင်ငူ ကားလမ်းပိုင်းဟာ စစ်ကောင်စီတပ်နဲ့ ကရင်မျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပြီး နှစ်ဖက်စလုံး လှုပ်ရှားလေ့ရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်ကြီးမြို့နယ်ထဲမှာပဲ ရှိသေးတယ်။ ညောင်ကုန်းရွာနားမှာ ဖြစ်တာပေါ့၊ အဲဒီလမ်းက သိပ်အသုံးမပြုဘူး။ တိုက်ပွဲတွေ ဖြစ်နေတော့လေ။ သွားတာလာတာ သိပ်မရှိဘူ။ အရင်ကလည်း လိုက်ထရပ်တစ်စီး ဖြစ်ပြီးပြီ။ အခုလည်း ထပ်ဖြစ်တာ”

သေဆုံးသူတွေဟာ ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့ နောက်ထပ်နှစ်ဦးဖြစ်ပြီး နာမည်နဲ့ အသက်အရွယ်တွေကို မသိရသေးလို အဲဒီမိုင်းဟာ ဘယ်ဘက်က ထောင်ထားတဲ့မိုင်းလဲ ဆိုတာကိုလည်း တိတိကျကျ မသိရဘူးလို့ ဒေသခံ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KNU ဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့် တုံ့ပြန်ချက် မရခဲ့ပါဘူး။

မတ်လ ၁၈ ရက်က ကျောက်ကြီးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရွာလေးရွာက ဒေသခံ ၂၇၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ KNU က မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။