ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ခုနစ်ဦး သေဆုံး၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

RFA Burmese
2025.02.24
ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ခုနစ်ဦး သေဆုံး၊ နှစ်ဆယ်ကျော် ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေးလုပ်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။
Arakan Princess Media

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေနဲ့ စစ်ကောင်စီတပ် စခန်းချခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ၂၄ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ခုနစ်ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

မောင်တောမြို့နယ်မှာ သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ၁၃ ဦး၊ ပေါက်တောမှာ သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ သုံးဦး၊ တောင်ကုတ်မှာ ဒဏ်ရာရသူ ခြောက်ဦးနဲ့ အမ်းမြို့နယ်မှာ သေဆုံးသူ တစ်ဦး၊ ဒဏ်ရသူ တစ်ဦးအထိ ရှိလာနေတာပါ။

သေဆုံးခဲ့သူ အများစုဟာ စစ်ကျန်ဗုံးသီးတွေကို ကောက်ယူလာပြီး ထုကြည့်စဉ်မှာ ပေါက်ကွဲလို့ သေဆုံး၊ ဒဏ်ရာရသွားတာလို့ ရခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အဓိကတော့ မိုင်းအန္တရာယ်နဲ့ စစ်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ်ကို သိပ်ပြီး အလေးအနက် မထားကြတာပဲ။ သူတို့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို သွားလာတယ်။ ဗုံးသီးတွေတွေ့ရင် ကောက်လာတယ်။ ပြီးတော့ စပ်စုပြီး ထုကြည့်တယ်။ အဲဒါမှာ ပေါက်ကွဲတာပေါ့။ ပေါက်တောမှာရော၊ မောင်တောမှာရော ထိခိုက်သူတွေက အခုလိုမျိုး ထိခိုက်သွားကြတာ"

စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေအိမ်တွေ၊ ကျေးရွာအနီးအနားတွေနဲ့ တောတောင်တွေကို သွားလာတဲ့အခါမှာလည်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်၊ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနဲ့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတွေကတော့ AA ဟာ သူတို့သိမ်းပိုက်ထားတဲ့ မြို့နယ်၊ ကျေးရွာတွေမှာ မိုင်းရှင်းလင်းရေးနဲ့ မိုင်းအန္တရာယ် အသိပညာပေးကဏ္ဍတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။