ဂွမြို့နယ်မှာ လူလေးထောင်ခန့် အရေပြားရောဂါဖြစ်နေ
2025.02.25

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းက ဒုက္ခသည်တွေနဲ့ ဒေသခံ ၃၇၉၇ ဦးဟာ အရေပြားယားနာရောဂါဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အရေပြားယားနာရောဂါ ဖြစ်ပွားနေသူတွေထဲမှာ အသက် ၁ဝ နှစ်အောက် ကလေးသူငယ် ခြောက်ရာ ပါဝင်ပြီး အသက် ၁ဝ နှစ်အထက်နဲ့ သက်ကြီးပိုင်းတွေကတော့ သုံးထောင်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရောဂါပြန့်ပွားမှုဟာ ပိုပြီးတိုးလာနေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဂွမြို့နယ် စစ်ဘေးဒုက္ခသည်အရေးကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"စပြီးဖြစ်တာက နှစ်လ သုံးလလောက်ရှိပြီ၊ အခုက ပိုပြီးဖြစ်လာကြာတာ။ တချို့ကလေးတွေဆိုရင် ခန္ဓာတစ်ကိုယ်လုံးမှာဖြစ်နေတာ။ အတော်စိုးရိမ်စရာကောင်းပါတယ်။ လက်ရှိ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီပေးနေတာရှိတယ်။ ဒါပေမဲ့ ဖြစ်တဲ့သူက အရမ်းများတော့ ဆေးဝါးတွေ အရေးပေါ်လိုနေပါတယ်"
ငွေကြေးအခက်အခဲတွေကြောင့် အရေပြားရောဂါ ဖြစ်ပွားနေသူအများစုဟာ ကုသဖို့ဆေးဝါးတွေ မဝယ်နိုင်ကြသလို ဆေးဝါးတွေကလည်း အဆမတန် စျေးမြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနဲ့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ သံတွဲ၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။