ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ထဲ စက်သုံးဆီသယ်ခွင့် စစ်ကောင်စီ ကန့်သတ်

RFA Burmese
2025.02.21
ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ထဲ စက်သုံးဆီသယ်ခွင့် စစ်ကောင်စီ ကန့်သတ် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ ရေကြည်မြို့နယ်ကနေ အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲကို စက်သုံးဆီသယ်ခွင့် ကန့်သတ်ထားပြီး မလိုက်နာရင် အရေးယူမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၁ ရက် ဒီနေ့ ပြောပါတယ်။

သာပေါင်းမြို့နယ်က ရခိုင်ရိုးမနဲ့နီးတဲ့ ဘုရားကြီး၊ စက်ထောင့်ကြီး၊ မရမ်းချိုစတဲ့ ရွာတွေကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ရောက်လာပြီး စက်သုံးဆီတွေကို ရခိုင်ပြည်နယ်ဘက်ကို မရောင်းချဖို့နဲ့ သတ်မှတ်ချက်ထက် ပိုပြီးသိုလှောင်တာမလုပ်ဖို့ တားမြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီရွာရဲ့အတိုင်းအတာနဲ့ တစ်ပီပါကုန်မဲ့ အတိုင်းအတာမှာ တစ်ပီပါပဲထား။ နှစ်ပီပါ ထားလို့မရဘူး။ ရောင်းတဲ့သူက သူ့ဆီကနေတစ်ဆင့် အနောက်ဘက် (ရခိုင်ဘက်) ကို ရောင်းတယ်ဆိုရင် ရောင်းတဲ့သူပါ တရားမဝင်ရောင်းတယ်၊ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ အရေးယူမယ်ပြောတာ။ သူက ရခိုင်ဘက်ကို စက်သုံးဆီ ဖြတ်တဲ့သဘောပေါ့"

စက်သုံးဆီတွေ ရခိုင်ပြည်နယ်ထဲကို သယ်ယူခွင့်ပိတ်ထားပြီး စက်သုံးဆီသိုလှောင်ခွင့်ကိုလည်း ကန့်သတ်ထားတာကြောင့် သာပေါင်းမြို့နယ်မှာ စက်သုံးဆီစျေး မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရိုးမထဲက ရွာကိုလည်း စက်သုံးဆီ သယ်ယူခွင့်မပြုတာကြောင့် လေးဂါလံတစ်ပုံးကို ကျပ်တစ်သိန်းအထိ စျေးပေးပြီး ဝယ်နေရတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့မှာလည်း အခုနှစ်ဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်ကလာတဲ့ ကားတွေကို စက်သုံးဆီသယ်ယူခွင့် ပိတ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငသိုင်းချောင်းမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်ကလာတဲ့သူတွေကို ရောင်းမှာစိုးလို့ တင်ခွင့်တော့ မပေးတော့ဘူး။ ဆိုင်တွေကအစ လိုက်ပိတ်ထားတာ။ ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ကားတွေကို ဆီမရောင်းဖို့နဲ့ တခြားဆီမှောင်ခိုလုပ်တဲ့ ကားတွေကို မရောင်းဖို့ ညွှန်ကြားထားတယ်။ ပုံးနဲ့ဝယ်တာကိုတောင် မြို့နယ်ထောက်ခံချက်ပါမှ ကုန်စုံဆိုင်တွေကအစ စားဆီကအစ လိုက်ပိတ်တယ်”

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကိုပို့မဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို စစ်ကောင်စီဘက်က သယ်ယူခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။