မင်းတပ်မြို့ခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွား

2021.04.27
မင်းတပ်မြို့ခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွား ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို ဧပြီလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက် အာဏာသိမ်း စစ်ကောင်စီက ယာဉ်တန်း ၉ စီးခန့်လောက်နဲ့ တက်လာတာကြောင့် မင်းတပ်မြို့နဲ့ ၅ မိုင်ခန့်အကွာ ဂေါက် ကွင်းနားမှာ ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၁၅၀ ကျော်နဲ့ လာတိုက်နေတာကြောင့် အင်အားမမျှလို့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ခံစစ်အနေနဲ့အပြင် ပြောက်ကျားစနစ်နဲ့ပါ ပြန်တိုက်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမြို့ပေါ်အထိတက်လာလို့ မရပေမယ့် လက်နက်ကြီးတွေနဲ့ မြို့ကိုလှမ်းပစ်မှာ စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

နေ့လယ် တစ်နာရီခန့် RFA ကဆက်သွယ်ချိန်အထိ ပစ်ခတ်နေဆဲဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး RPG နဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ယာဉ်နှစ်စီးကို ဒေသခံတွေဘက်က မိုင်းခွဲခံလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်က အကျအဆုံးရှိပြီး ပြည်သူတွေဘက်က အထိအခိုက်မရှိဘူးလို့ မင်းတပ်ဒေသခံကပြောပေမယ့် RFA အနေနဲ့ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာတွေကိုတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။

မနေ့ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိပ်တိုက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။