လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀ ခန့် သေဆုံးကြောင်း မင်းတပ် CDF ပြော
2021.08.19
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့အကြား ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဒီနေ့မှာလည်း နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ မင်းတပ် CDF အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၁၄ ရက်နေ့ကနေစပြီး မင်းတပ်မြို့ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ တိုက်ပွဲ လေးရက်တာအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး အယောက် ၂၀ သေဆုံးပြီး တစ်ဦး ဖမ်းဆီးမိထားတယ်လို့ မင်းတပ် CDF က ပြောပါတယ်။
ဒီနေ့မှာတော့ တစ်ဘက်နဲ့တစ်ဘက် သတိထားစောင့်ကြည့်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် က ပြောပါတယ်။
“၁၄ ရက်နေ့ကစတာ။ ၁၄၊ ၁၅၊ ၁၆၊ ၁၇ က တိုက်ပွဲဖြစ်တာ။ လေးရက်တာတိုက်ပွဲဖြစ်တာပေါ့။ လေးရက် တာ တိုက်ပွဲမှာ စကစဘက်က ၂၀ ကျော်ဆိုတာက သေချာတာပေါ့လေ။ ဒီထက်လည်းများနိုင်ပါတယ်။ ၂၀ ကျော်ဆိုတာက ကျွန်တော်တို့လည်း ကျသွားတဲ့အလောင်းတွေကို လှမ်းမြင်ရတဲ့ အခြေအနေမျိုးမှာ ပြော တာပေါ့။ မြောက်ဘက်ခြမ်း တိုက်ပွဲရော၊ အနောက်ဘက်ခြမ်းတိုက်ပွဲရော ပေါင်းပြီးမှ ပြောတာပေါ့လေ။ ဒီကြားထဲမှာ ကျွန်တော်တို့ မသိလိုက်တာ၊ မမြင်လိုက်တာရှိနိုင်တာပဲလေ။ ဒီနေ့တော့ တိုက်ပွဲတော့ မဖြစ်သေးဘူး။ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေတဲ့ အနေအထားပဲ”
မနေ့က သြဂုတ်လ ၁၈ ရက်နေ့မှာလည်း ကြားဖြတ်တိုက်ခိုက်မှုအချို့ရှိပြီး ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဘက်က လက်နက်အချို့ကို သိမ်းဆည်းရလိုက်ပြီး CDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ကတော့ မင်းတပ်မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း ၁၁ မိုင်နဲ့ ၁၃ မိုင်ကြားမှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး တစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိထားတဲ့စစ်သားဟာ ပါးမှာ ဒဏ်ရာရထားတာကြောင့် ဆေးကုသပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပေးထား တယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။
“သူက အနောက်တိုက်ပွဲကနေ ပြေးလာတာကို ကျွန်တော်တို့ နောက်ထပ်တပ်ရင်းတစ်ခုက စောင့်ပြီးတော့ ဖမ်းထားလိုက်တာ။ လောလောဆယ်တော့ ကျွန်တော်တို့ သူ့ကို ဆေးကုပေးထားတယ်။ ထိန်းသိမ်းထား တယ်။ အဲဒါပါပဲ။ နောက်ပိုင်းကျမှ ကျွန်တော်တို့က အခြေနေကြည့်ရမှာပေါ့။ သူတို့ပြန်ချင်ရင် ပြန်လို့ ရတယ်။ ဒါမှမဟုတ် လွတ်ရာကျွတ်ရာသော်လည်း၊ လုံခြုံတဲ့နေရာသော်လည်း ပို့ပေးပါဆိုရင်တော့ ကျွန်တော်တို့ အခြေအနေကြည့်ပြီးတော့ စီစဉ်ပေးရမှာပေါ့”
စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ကတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
ဒီတိုက်ပွဲတွေကြောင့် မင်းတပ်-မတူပီလမ်း အနီးအနားတဝိုက်ရှိတဲ့ ကျေးရွာ ၂၅ ရွာက ဒေသခံ ၁၀၀၀ ကျော် ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ တောတောင်တွေထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေကို အကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လောလောဆယ်ရွာပေါင်းက ၂၅ ရွာလောက်က ထွက်ပြေးကြတာပေါ့နော်။ ပြည်သူက တစ်ထောင်ကျော် ဝန်းကျင်လောက်ရှိမယ်။ အဲဒီရွာတွေက ပြည်သူတွေပေါ့။ အဲထဲမှာ မင်းတပ်မြို့ပေါ်ကနေ စစ်ဘေးလာ ရှောင်တဲ့ ပြည်သူတွေလည်းပါတယ်။ ပြေးကြတာက ဘယ်ကိုပြေးကြလဲဆိုရင် တောထဲကို သွားကြတယ်။ မိုးကာ၊ တာလပတ်တွေ မိုးကြတယ်။ ကျောက်ဂူ၊ လှိုင်ခေါင်းတွေ အဲလိုရှာပြီးတော့ နေကြရတယ်။ သူတို့ အတွက် စားနပ်ရိက္ခာကလည်း မိုးတွင်း မိုးအရမ်းရွာတော့ ဆန်တွေဘာတွေလည်း ခဏလေးနဲ့ ရေစို လွယ်တယ်။ စားနပ်ရိက္ခာလည်း အရမ်းအခက်အခဲရှိတယ်။ အဲတော့ တိုက်ပွဲဖြစ်တဲ့အနီးအနားမှာရှိတဲ့ ရွာက အကုန်လုံး ပြေးကြတယ်ဆိုတော့ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတာက ဒီဘက်မှာဆိုရင် သုံးရက်ရှိပြီ။ ဟိုဘက်မှာဆိုရင်တော့ ငါးရက်ရှိပြီ။ ဆက်တိုက်ဖြစ်နေတာ။ တိုက်ပွဲဖြစ်တာနဲ့ သူတို့ကပြေးကြရတာပေါ့”
စစ်ကောင်စီတပ်တွေနဲ့ မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲတွေစတင် ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဒီနေ့အထိ ကျေးရွာပေါင်း ၉၁ ရွာမှာ ဒုက္ခသည် နှစ်သောင်း နှစ်ထောင်ကျော်ရှိနေပြီလို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
"ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတာက ဒီဘက်မှာဆိုရင် သုံးရက်ရှိပြီ။ ဟိုဘက်မှာဆိုရင်တော့ ငါးရက်ရှိပြီ"
အဲဒီအထဲက လူပေါင်း ခြောက်ထောင်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။ ကျန်တဲ့ လူပေါင်း တစ်သောင်းခြောက်ထောင်ကတော့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေကနေ မကြာခဏပုန်းရှောင်နေကြရလို့ အခက်အခဲနဲ့ ကြုံတွေ့နေကြရသူတွေဖြစ်တယ်လို့ သူတို့ကိုပါ ဒုက္ခသည်စာရင်းထဲထည့်သွင်းပြီး အကူအညီတွေပေးနေတယ်လို့ ကူညီသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၁၈ ရက်နေ့အထိ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) အဖွဲ့ အပါအဝင် ကလေးမြို့ PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖလမ်းမြို့နဲ့ ကလေး မြို့တွေမှာ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၃၉ ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကလည်း ချင်းပြည်နယ်က လုံခြုံရေးအခြေ အနေတွေဟာ စိုးရိမ်နေရဆဲဖြစ်ပြီး ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွေ၊ မကွေးနဲ့ စစ်ကိုင်းက မြို့နယ် အတော်များများမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့မေလနဲ့ ဇွန်လကတည်းက ချင်းပြည်နယ်မြို့နယ် ငါးခု၊ မကွေးတိုင်းဒေသကြီးက ဆောမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ကလေးမြို့နယ်တွေမှာရှိတဲ့ ယာယီစခန်း ၁၀၀ မှာ လူဦးရေစုစုပေါင်း ၁၉,၀၀၀ ခန့် ခိုလှုံနေကြရတယ်လို့လည်း ဆိုပါတယ်။
ခရီးသွားလာခွင့်၊ ငွေသားအခက်အခဲနဲ့ COVID-19 ကာကွယ်တားဆီးရေး ကန့်သတ်ချက်တွေကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် လုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့လည်း UNOCHA က ပြောပါတယ်။