မြန်မာ့အရေး နိုင်ငံတကာကြားဝင်မှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော

2021.07.02
မြန်မာ့အရေး နိုင်ငံတကာကြားဝင်မှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ၂၀၂၁၊ ဇွန် ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး အစည်းအဝေးမှာ တွေ့ရစဉ်
Photo: ALEXANDER ZEMLIANICHENKO / POOL / AFP

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပက်သတ်လို့ နိုင်ငံတကာက ကြားဝင်တဲ့ အခြေအနေအထိ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၄ ရက်နေ့က RIA သတင်းဋ္ဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုနဲ့ ချောင်းမြောင်းတိုက်ခိုက်မှု အနည်းငယ်ရှိနေသေးပေမယ့် အကြမ်းဖက်မှုတွေ လျော့ပါးသွားပြီလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

"ဆန္ဒပြတဲ့သူတွေက အကြမ်းဖက်မှုတွေ ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်နေတယ်။ အဲဒီလို ပြင်းထန်လာရင် ကျွန်‌တော်တို့ရဲ့ တုံ့ပြန့်မှုတွေ ထပ်တိုးရမှာပေါ့။ ဒီလိုဖြစ်ရင် နိုင်ငံတကာက ကြားဝင်ဖို့ အတွက် သူတို့ (ဆန္ဒပြသူတွေ) က မျှော်လင့်တာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီအခြေအနေကို မရောက်နိုင်ပါဘူး။"

ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်မှုတွေဟာ လူထုကို အကြောက်တရားတွေ ဖြစ်ပေါ်စေဖို့နဲ့ အစိုးရက ဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ပုံရိပ်ကျဆင်းစေဖို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေမှာ အနောက်နိုင်ငံတွေအနေနဲ့ သူတို့ ရရှိထားတဲ့ တစ်ဖက်သတ် အချက်အလက်တွေအပေါ် အခြေခံပြီး သူတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဝေဖန်ပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံတကာမှာ အထီးမကျန်စေဖို့အတွက် ရုရှား၊ တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။