AAPP မတရားအသင်းအဖြစ် ကြေညာခံရ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ တရားမဝင်တဲ့အသင်းဖြစ်တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ မနေ့က ကြေညာခဲ့ပါတယ်။ AAPP က နေ့စဉ်ဖော်ပြနေတဲ့ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု စာရင်းတွေဟာ မမှန်ကန်ဘဲ တဖက်သတ်ဖော်ပြနေတာကြောင့် ဆူပူမှုတွေကို လှုံ့ဆော်ရာ ရောက်တယ်။ အဲဒါကြောင့် AAPP အသင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း မြဝတီသတင်းက ကြေညာပါတယ်။ ဒီကြေညာချက်ကို AAPP ဘက်က တုံ့ပြန်တာတော့ လောလောဆယ် မရှိသေးပါဘူး။
AAPP အသင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်မှာ ၂၀၀၀ခုနှစ်က တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီရေး လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့က မှတ်တမ်းပြု ကောက်ယူနေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံတကာ သတင်းလောကနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကိုးကားဖော်ပြနေကြပါတယ်။