စစ်မှုထမ်း အပတ်စဥ် (၂) အတွက် နိုင်ငံတစ်ဝန်းက လူငယ်လေးထောင်ခန့် စုဆောင်းခံရ
2024.05.31

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အတွက် နိုင်ငံတစ်ဝန်းက လူငယ် လေးထောင်ခန့် (၃,၉၅၃ ဦး) စစ်သားစုဆောင်းခံခဲ့ရတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့(BACS) က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီလူငယ်တွေဟာ သင်္ကြန်ကာလအပြီးမှာ စတင်စုဆောင်းခံရတာဖြစ်ပြီး မေလ ၁၄ ရက်နေ့မှာတော့ နိုင်ငံတစ်ဝန်းက စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)၊ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက)၊ အရာခံအကြပ်ကြီး သင်တန်းကျောင်း (ဗထူး)နဲ့ တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံစတဲ့ သင်တန်းကျောင်း ၁၆ နေရာမှာ အပတ်စဥ် (၂) သင်တန်းကို ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီတစ်ကြိမ် စစ်သားစုဆောင်းမှုဟာ ပထမအကြိမ် အရေအတွက်ထက် စစ်သားစုဆောင်းမှု အနည်းငယ်လျော့ကျသွားပြီး သတ်မှတ်ပမာဏပြည့်မီဖို့ စုဆောင်းနိုင်တဲ့အခြေအနေ လျော့နည်းကျဆင်းလာတယ်လို့လည်း BACS က ပြောပါတယ်။
စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) ဖွင့်ခဲ့တုန်းကတော့ သင်တန်းကျောင်းတွေကို စစ်ကောင်စီရဲ့ စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ဒေသတွေမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု ဒုတိယအကြိမ်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ဒေသတွေမှာပါ ဖွင့်လှစ်လာတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သားနှစ်ဦးရဲ့မိခင်ကတော့ သူတို့နေထိုင်ရာ ရပ်ကွက်မှာ စစ်သားစုဆောင်းမှုတွေရှိပြီး တတိယအကြိမ် စစ်သားစုဆောင်းမှုတွေလုပ်မှာ စိုးရိမ်နေတယ်လို့ RFA ကို ပြောပါတယ်။
“နှစ်သုတ်ကတော့ လွတ်သွားတာပေါ့။ မဲက မပေါက်ဘူးလေ။ မဲမပေါက်သော်လည်း တစ်အိမ်ကို တစ်သောင်းလောက်တော့ ပိုက်ဆံက ထည့်ကြရတယ်။ စစ်မှုထမ်းလိုက်မယ့်သူအတွက် ထောက်ပံ့ကြေးဆိုပြီး ကောက်ပါတယ်။ နောက်တစ်ခါ မဲနှိုက်ရင်တော့ သားနှစ်ယောက်ပါမှာ စိုးရိမ်နေရတယ်”
စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစုဆောင်းတာတွေမလုပ်ဘဲ ဆန္ဒပြုသူတွေကိုပဲ စစ်မှုထမ်းခိုင်းတာဖြစ်တယ်လို့ စစ်မှုထမ်း အပတ်စဥ် (၁) သင်တန်းခေါ်ယူစဥ်မှာ ပြောဆိုထားပါတယ်။
စစ်မှုထမ်းသတင်တန်း အပတ်စဥ် (၁) မှာ နိုင်ငံတစ်ဝန်းက လူငယ် ငါးထောင်နီးပါး စစ်မှုထမ်းဖို့ စုဆောင်းခံရတာကြောင့် အပတ်စဥ် နှစ်ခုပေါင်းမှာ လူဦးရေ ကိုးထောင်ခန့် စုဆောင်းခံခဲ့ရတယ်လို့ BACS ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။