စစ်ခေါင်းဆောင် ကိုယ့်ဇနီးကိုယ် ဘွဲ့တံဆိပ်ပေးအပ်

RFA Burmese
2023.03.02
စစ်ခေါင်းဆောင် ကိုယ့်ဇနီးကိုယ် ဘွဲ့တံဆိပ်ပေးအပ် (ဝဲမှယာ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်၊ ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းဦးမောင်အေး၏ဇနီး ဒေါ်မြမြစန်း၊ သမ္မတဟောင်းဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ စစ်ကောင်စီ ဒု-သမ္မတဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒု-သမ္မတဟောင်းစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ။
Myanmar Military

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ အပါအဝင် စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ ဇနီးသည်တွေကို ဂုဏ်ပြုဘွဲ့တံဆိပ်တွေ ချီးမြှင့်လိုက်ကြောင်း မြန်မာရုပ်မြင်သံကြားက ဒီနေ့ ကြေညာပါတယ်။

ဒီအမျိုးသမီးတွေဟာ သာသနာတော် တိုးတက်အောင်လုပ်နေသူတွေ ဖြစ်တာကြောင့် အခုလို ဘွဲ့ပေးအပ်တာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ဆိုပြီးပေးအပ်လိုက်သူတွေထဲမှာ စစ်ခေါင်းဆောင်ရဲ့ဇနီး ဒေါ်ကြူကြူလှ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်၊ ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးရဲ့ဇနီး ဒေါ်မြမြစန်း၊ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ဝင်း၊ စစ်ကောင်စီ ဒု-သမ္မတဦးမြင့်ဆွေရဲ့ဇနီး ဒေါ်ခင်သက်ဌေး၊ နအဖ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းစိုးဝင်း (ကွယ်လွန်)ရဲ့ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒု-သမ္မတဟောင်း စိုင်းမောက်ခမ်းရဲ့ဇနီး ဒေါ်နန်းရွှေမှုံတို့ ပါဝင်ပါတယ်။

စစ်အာဏာရှင်ဦးသန်းရွှေလက်ထက်က စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ရဲ့ဇနီး ဒေါက်တာခင်ဝင်းရွှေ အမည်ကိုတော့ ဂုဏ်ပြုဘွဲ့တံဆိပ်ပေးတဲ့ အမျိုးသမီးစာရင်းမှာ မတွေ့ရပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းယူထားတဲ့ ကာလအတွင်း နိုင်ငံတော်ဘွဲ့တံဆိပ်တွေ ချီးမြှင့်နေရာမှာ သူ့ကိုယ်သူလည်း “သတိုးသီရိသုဓမ္မ” နဲ့ “သတိုးမဟာ သရေစည်သူ“ ဆိုပြီး ဘွဲ့နှစ်ခု ပြန်ပေးထားပါတယ်။ အခုတစ်ခါ ကိုယ့်ဇနီးဖြစ်သူကို ကိုယ်တိုင်ပြန်ပြီးချီးမြှင့်တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ သာသနာတော်ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူတွေထဲမှာ ဗုဒ္ဓဘာသာအစွန်းရောက်သမားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဦးဝီရသူလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။