စစ်ကိုင်းတိုင်းမှာ စစ်သင်္ဘောတွေရဲ့ ပစ်ခတ်မှုကြောင့် နှစ်ဦး ထိခိုက်သေဆုံး
2024.09.25

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ စက်တင်ဘာ ၂၄ ရက်နေ့မှာ မြစ်ကမ်းတစ်လျှောက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ် သဖန်းဒေါင့်ရွာက အဖွားအိုတစ်ဦး သေဆုံးပြီး ထီးချိုင့်မြို့နယ် နတ်အင်းရွာက အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
စစ်သင်္ဘောကနေ ပစ်ခတ်တာအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်လည်း နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သင်္ဘောပေါ်ကနေ တရစပ် ပစ်တယ်။ အပေါ်ကနေ Y-12 ကနေကလည်း လိုက်ပစ်တယ်။ မနေ့ည တစ်ညလုံးပတ်ပြီး ဗုံးကြဲနေတာ။ အိမ်တွေလည်း ပျက်စီးသွားတယ်။ မောင်းကုန်းဘက်မှာလည်း နွားခြံထဲ လက်နက်ကြီးကျပြီး ဆယ်ကောင်လောက် သေသွားတယ်”
ဧရာဝတီမြစ်အတိုင်း စုံဆင်းလာတဲ့ စစ်သင်္ဘောဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာတော့ မန္တလေးတိုင်း တကောင်းမြို့ဘက်ကို ရောက်လာပြီလို့ သူက ပြောပါတယ်။
ဒီအခြေနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စက်တင်ဘာ ၁၇ ရက်နေ့ကတော့ မန္တလေးဘက်ကနေ ဗန်းမော်ဘက်ကို ရိက္ခာထောက်ပံ့ဖို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ရှစ်စင်းကိုကို ဗန်းမော်နဲ့ ရွှေကူကြားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောခုနစ်စင်း ပျက်စီးခဲ့ပါတယ်။