တန့်ဆည်မြို့မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

2021.09.03
တန့်ဆည်မြို့မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ တန့်ဆည်မြို့ကို google earth မှတွေ့ရစဉ်
Photo: Google Earth

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက် ဝါးရငယ်မူးဘောင် (ကန်ဘောင်ရိုး) အနီးမှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်အစော ၄ နာရီကျော်ခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးထိခိုက် သွားတယ်လို့ တန့်ဆည်မြို့ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီ စစ်ကောင်စီယာဉ်တန်းဟာ တန့်ဆည်မြို့မှာ အရင်အပတ်ကတည်းက နေ့စဉ်နီးပါးပတ်နေတဲ့ စစ်ယာဉ်တန်းဖြစ်ပြီး ကံကလေးကုန်းရွာနဲ့ ကံထူးမရွာဘက်ကနေ တန့်ဆည်မြို့ဘက်ကို ပြန်တက်လာချိန်မှာ မိုင်ဆွဲခံရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ကားလေးစီးက ကံကလေးကုန်းရွာကနေ မနက်အစောကြီး ထပြန်သွားတာမှာ မူးဘောင်ရောက်တော့ ဖြစ်သွားတာ၊ မိုင်းထိပြီးတော့ ပတ်ဝန်းကျင်ကို သေနတ်တွေနဲ့ လိုက်ပစ်သေးတယ်၊ စစ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူး” လို့ ဒေသခံကဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ယာဉ်တန်းထဲက ကားလေးစီးမှာ တစ်စီးပဲထိခိုက်တာဖြစ်ပြီး မနက် ၅ နာရီဝန်းကျင်မှာတော့ တန့်ဆည်မြို့နယ်ရဲစခန်းကို ရောက်ရှိလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

တန့်ဆည်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၀ ခန့်လောက်က စစ်ကောင်စီဘက်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ အုပ်စုသုံးစုခွဲပြီး မြို့နယ်ထဲမှာ လှည့်ပတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။