ပြည်ပကနေ လက်နက်တွေ မြန်မာစစ်တပ် ရရှိနေဆဲဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
2024.06.26

Updated 4:48 PM Jun 26,2024
စစ်ကောင်စီဟာ တစ်နှစ်အတွင်း စစ်လက်နက်ပစ္စည်းအပါအဝင် နည်းပညာတွေ၊ ကုန်ထုတ်စက်ကိရိယာတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုး တင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံ လျော့သွားတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ဒီနေ့ ပြောလိုက်ပါတယ်။
ဒါဟာ အခုနှစ် မတ်လအထိ တွက်ချက်ထားတဲ့ စာရင်းဖြစ်ပါတယ်။ စင်ကာပူအစိုးရအနေနဲ့ နိုင်ငံတွင်းက ကုမ္ပဏီတွေကို မြန်မာစစ်ကောင်စီထံ ကူညီနေတာတွေ တားဆီးဖို့ကြိုးပမ်းခဲ့တဲ့အပေါ် ကုလအထူးကိုယ်စားလှယ်က ကျေးဇူးတင်ကြောင်းလည်း ဒီနေ့ထုတ်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီကို ပိတ်ဆို့အရေးယူတာအပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ စစ်ကောင်စီတပ်ရဲ့ ပြန်လည်အင်အားဖြည့်တင်းမှုအပေါ် သက်ရောက်မှုရှိပြီး အရပ်သားတွေကို သေဆုံးစေတဲ့ ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေကို လျော့ချနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ်က ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
"ကျေးရွာတွေကို စစ်ကောင်စီက တိုက်ခိုက်တယ်ဆိုတာဟာ ပြည်ပကနေ လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေရရှိတဲ့အပေါ် မူတည်နေတယ်"
မြန်မာစစ်တပ်ဟာ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကာပူနိုင်ငံကနေ ၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖိုး တင်သွင်းခဲ့ရာကနေ အခုလက်ရှိ ဒေါ်လာ ၁၀ သန်းကျော် လျော့ကျသွားတယ်လို့ အစီရင်ခံက ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံဟာ ဒေါ်လာသန်း ၁၂၀ ကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ၂၀၂၃ ဘဏ္ဍာနှစ်မှာ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၃ မတိုင်ခင်က စစ်ကောင်စီကို ထိုင်းဘက်က ရောင်းချခဲ့တဲ့ စစ်လက်နက်ပစ္စည်းတန်ဖိုးဟာ ဒေါ်လာသန်း ၆၀ သာရှိခဲ့တယ်လို့လည်း Tom Andrews ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ “ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ Mi-17 နဲ့ Mi-35 ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေကို ထောက်ပံ့တဲ့ အရင်းအမြစ်တွေ ဖြစ်လာတယ်” လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက စစ်အင်အားတွေ ပို့ဆောင်တာနဲ့ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အဲဒီရဟတ်ယာဉ်တွေကို အသုံးပြုလေ့ရှိပြီး ကလေးငယ် လေးဆယ်အပါအဝင် လူ ၁၇၀ ခန့် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ဒီရဟတ်ယာဉ်တွေ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။