နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီကြေညာ

RFA Burmese
2024.02.10
နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီကြေညာ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား တွေ့ရစဉ်။
AFP

အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သူထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။

ဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။

အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင် အမျိုးသားကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ် အထိ သတ်မှတ်ထားပြီး အမျိုးသမီးကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။

စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီက စစ်မှုလက်မှုပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။

သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ကနေကင်းလွတ်ခွင့်ပြုသူတွေကတော့ တာဝန်ထမ်းဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။