မန္တလေးမှာ စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်

RFA Burmese
2024.07.16
မန္တလေးမှာ စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် စျေးချိုတော်ရှိ အထပ်မြင့်အဆောက်အဦကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးတိုင်းထဲမှာ တိုက်ပွဲတွေပြင်းထန်လာချိန် စစ်ကောင်စီတပ်က မန္တလေးမြို့ပေါ်က စစ်ရေးအရ အရေးပါတဲ့နေရာတွေမှာ လက်နက်အင်အားနဲ့ လူအင်အားတိုးချပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ဇွန်လကုန်ပိုင်းကစလို့ မန္တလေး နန်းတွင်းပတ်ဝန်းကျင်နဲ့ မြို့တွင်းကင်းစခန်းတွေကို လုံခြုံရေး ပိုတိုးမြှင့်ထားပြီး မန္တလေးတောင်ပေါ်မှာလည်း လက်နက်ကြီးတွေ အထိုင်ချထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“နန်းတွင်းအနီးတစ်ဝိုက်က နေရာတွေကို ပိုပြီးတော့ လုံခြုံရေး ယူထားတဲ့သဘောမျိုးပေါ့။ မန္တလေးတောင်ပေါ်မှာလည်း လက်နက်ကြီးတွေ တင်ထားတာရှိတယ်။ ရန်ကင်းတောင်ပေါ်မှာလည်း တင်ထားတာရှိတယ်။ အခုက တော်တော်များများ တိုးချထားတာပေါ့။ အရင်က လေးငါးယောက်ဆိုရင် အခုဟာက ဆယ်ယောက်လောက်တော့ ဖြစ်သွားတာပေါ့”

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တိုက်တန်းတွေရဲ့ အထပ်မြင့် အဆောက်အအုံတွေမှာလည်း စစ်ကောင်စီတပ်က နေရာယူတပ်စွဲလာတာ တွေ့ရတယ်လို့ နောက်ထပ်မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီအိမ်ရာဘက်က တိုက်ကြီးတွေက မျှော်စင်ကြီးလိုဖြစ်နေတာ။ အမြင့်တွေမှာဆို သူတို့နေရာယူထားတာပဲ။ အပေါ်ဆုံးထပ်တွေမှာ နှစ်ခန်းလောက်တော့ ကျုပ်တို့ ဒါမျိုး ဒီလိုလာမယ်ဆိုပြီး ဖယ်ခိုင်းတာပေါ့ နေတဲ့သူတွေကို”

မန္တလေးမြို့လယ် ဈေးချိုတော်မှာရှိတဲ့ အထပ်မြင့် နှစ်နေရာမှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

မန္တလေးမြို့ရဲ့တောင်ဘက် တံတားဦး လေတပ်စခန်းနဲ့ သုံးမိုင်ခန့်ဝေးတဲ့ အင်းဝမြို့ဟောင်းက ဘုရားစေတီတွေမှာလည်း စစ်ကောင်စီတပ်က တပ်စွဲနေရာယူလာတယ်လို့ အင်းဝမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”နောက်ဆက်တွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဇူလိုင် ၁၅ ရက်နေ့ မနေ့ကတော့ မန္တလေးမြို့နဲ့ ၁၇ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မန္တလေး-မတ္တရာလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး PDF ကတော့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်း ၂၅ ခုနဲ့ စဥ့်ကူးမြို့နယ်ထဲက တပ်စခန်း (၁၁) ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။