သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်ရဲ့ကျောင်း ချိတ်ပိတ်ခံရ

2022.02.06
သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်ရဲ့ကျောင်း ချိတ်ပိတ်ခံရ စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့တဲ့ တေဇာလင်္ကာရကျောင်းကို ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်၊ တေဇာလင်္ကာရကျောင်း ဟာ ဖေဖော်ဝါရီ ၅ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လာရောက်ချိတ်ပိတ်တာ ခံခဲ့ရ တယ်လို့ မန္တလေး သံဃသမဂ္ဂ အဖွဲ့ဝင် ဆရာတော်တွေက မိန့်ပါတယ်။

မန္တလေး သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော် အရှင်ကလျာဏ သီတင်းသုံးခဲ့ဖူးတဲ့ အဲဒီ ကျောင်းတိုက်ကို ဇန်နဝါရီ ၄ ရက်ညပိုင်းက စစ်ကားသုံးစီးနဲ့ ရောက်လာပြီး ဇန်နဝါရီ ၅ ရက် မနက် ၁၀ နာရီ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ပြောခဲ့တယ်လို့ အရှင် ကလျာဏ ဆရာတော်က မိန့်ပါတယ်။

"အရင်ဆုံး ပြောချင်တာကတော့ မဆိုင်တဲ့ ဘုန်းကြီးတွေနဲ့ ကျောင်းကို ချိတ်ပိတ်တဲ့ အပေါ်မှာ ဦးဇင်း အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဦးဇင်းတို့ရဲ့ ဒါယိကာ၊ ဒါယိကာမ များသည်ပင် ဒုက္ခရောက်ကြရတော့သည်မဟုတ်။ သံဃာများလည်း ဖမ်းဆီးညှဉ်းပန်း၊ နှိပ်စက်ရိုက်နှက်၊ အကျဉ်းချရုံမက ကျောင်းတိုက်များပင် ခုချိတ်ပိတ်ခံရနေပါတယ်"

အဲဒီကျောင်းတိုက် ချိတ်ပိတ်ခံလိုက်ရတာကြောင့် ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာနှစ်ပါးဟာလည်း ပြောင်းရွှေ့နေထိုင်ခဲ့ကြရတယ်လို့ ပြောပြပါတယ်။

အရှင် ကလျာဏဆရာတော်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်လှုပ်ရှားနေပြီး အဲဒီကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တာ မရှိတော့ဘဲ ရှောင်နေ တာမို့ အဖမ်းမခံခဲ့ရတာပါ။

အဲဒီကျောင်းတိုက်မှာ လှူဒါန်းထားတဲ့ ကားတစ်စီး၊ ပန်ကာ တစ်လုံး၊ အောက်စီဂျင်စက် နှစ်လုံး၊ ခရီးဆောင်အိတ်၊ ငွေကြေးနဲ့ ကျောင်းတိုက်မှာ ဆေးလာကုတဲ့ လူနာတစ်ယောက် ဆီက ငွေကျပ် ၁၅ သိန်းကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူသွားကြတယ်လို့ မန္တလေး သံဃသမဂ္ဂက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မန္တလေး သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးကလည်း မန္တလေးမြို့ပေါ်မှာ ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက ချိတ်ပိတ်တာဟာ ပထမဆုံးအကြိမ် ကြုံတွေ့ရတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီက အနိုင်ကျင့်တာလို့ မိန့်ပါတယ်။

အဲဒီကျောင်းတိုက် ချိတ်ပိတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်ဟာ တေဇာလင်္ကာရကျောင်း တိုက်ကို ဝင်ရောက်ပြီး မန္တလေး သံဃသမဂ္ဂအဖွဲ့ဝင် သံဃာတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ နှစ်ပါး အပါအဝင် ငါးယောက် အဖမ်းခံခဲ့ရပြီး ပြန်လွတ်မြောက်ခဲ့တယ်လို့ ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။