ပြည်ပထွက်မဲ့ အလုပ်သမားတွေကို စစ်ကောင်စီ ထပ်မံတင်းကျပ်

RFA Burmese
2025.03.17
ပြည်ပထွက်မဲ့ အလုပ်သမားတွေကို စစ်ကောင်စီ ထပ်မံတင်းကျပ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ရှိ ခရီးသွားများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်ပထွက် အလုပ်လုပ်မဲ့ အလုပ်သမားတွေအနေနဲ့ မတ် ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနထံ အီးမေလ်းကတစ်ဆင့် ပြည်ပထွက်ခွာခွင့် တင်ပြရမှာဖြစ်ပြီး ခွင့်ပြုချက်ရှိမှသာ ပြည်ပထွက်ခွာခွင့် ရတော့မယ်လို့ ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူတိုင်း ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC)၊ သွားရောက်မဲ့ နိုင်ငံရဲ့ လေယာဥ်လက်မှတ်တွေကို ပူးပွဲတင်ပြပြီး ပြည်ပထွက်ခွာခွင့်အတွက် အီးမေးလ်ပို့ လျှောက်ထားရမှာလို့ ဆိုပါတယ်။

ဒီအထဲမှာ ပြည်ပနိုင်ငံကို အသစ်ထွက်ခွာမဲ့ အလုပ်သမား၊ ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားစတဲ့ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူအားလုံး အကျုံးဝင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်လို ထွက်လို့ မရတော့ဘူး။ ဒီနေ့ကစပြီး အီးမေးလ်နဲ့ ပို့ပြီးလျှောက်ထားရမယ်ပြောတယ်။ ဒါကြောင့် ရုံးပိတ်ရက်မပါ၊ အနည်းဆုံးငါးရက် ကြိုလျှောက်ရမယ်လို့ သိရတယ်။ အဲဒီထဲမှာ ထူးခြားတာကတော့ PJ နဲ့ OWIC ကတ်အပြင် လေယာဥ်လက်မှတ်ပါ ပူးတွဲတင်ပြပေးရဖို့တွေ ပါလာတယ်။ အဲဒီမှာလည်း သွာမဲ့နိုင်ငံက တိုက်ရိုက်လေကြောင်းနဲ့လား တစ်ဆင့် (Transit) နဲ့လား ဆိုတာတွေပါ ဖော်ပြပေးရမယ်လို့ ပြောတယ်”

အဲဒီလို ခွင့်ပြုချက်တင်တဲ့အခါ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူစေလွှတ်မဲ့သူတွေကို အလုပ်သမားစာရင်းအလိုက် အလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူ အီးမေးလ်ပို့၊ ခွင့်ပြုချက်တင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

မိမိအစီအစဥ်နဲ့ ပြည်ပထွက်ခွာမဲ့သူတွေကတော့ တစ်ဦးချင်းစီအလိုက် အထောက်အထားအပြည့်အစုံနဲ့ အလုပ်သမားဝန်ကြီးဌာနထံ အီးမေးလ်ပို့ပြီး ခွင့်ပြုချက်တင်ရမှာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင်ပြုချက်ကျလာမှသာ ပြည်ပထွက်ခွာခွင့် ရကြမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်ပကနေ ခွင့်နဲ့ပြန်လာမဲ့ အလုပ်သမားတွေအနေနဲ့ OWIC ကတ်ကိစ္စတွေ အပါအဝင် ခွင့်ပြုချက်ရဖို့ အဆင့်ဆင့် လုပ်ငန်းစဥ်တွေ ရှိတာကြောင့် ခွင့်ရက်ကို အလုံအလောက်ယူလာကြဖို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက အကြုံပြုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့လုပ်ရပ်ဟာ ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေကို တစ်ဆင့်ချင်း ထပ်မံတင်းကျပ်လာတာလို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဟာ ပြည်ပထွက် အလုပ်လုပ်ခွင့်အတွက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ကန့်သတ်ထားပြီး အမျိုးသမီးနဲ့ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အမျိုးသား အလုပ်သမားတွေကို သွားခွင့်ပြုထားတာလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှာ အလုပ်သွားလုပ်မဲ့သူတွေကို တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်လာပြီး လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲဖို့အတွက်လည်း စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။